ကျိုက်ထို၊ သြဂုတ်(၁၅)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်နေတဲ့ ကင်မွန်းချောင်းရဲစခန်းကို သြဂုတ် ၁၃ ရက်နေ့ နေ့လည်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဟာ ဒရုန်းလာရာလမ်းကြောင်းနဲ့ ရဲစခန်းအနီးပတ်ဝန်းကျင်ကို သေနတ်နဲ့ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရဲစခန်းအနီးနေ အသက် ၄၀ အရွယ် ဒေါ်သီတာဟာ တင်ပါးနဲ့ ရင်ဘတ်တွေမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေါ်သီတာကို ကျိုက်ထိုမြို့နယ်ဆေးရုံကနေ သထုံခရိုင်ဆေးရုံထံ ပြောင်း ရွှေ့ကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ကင်မွန်းချောင်းရဲစခန်းဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း ၈ ကြိမ်ထက်မနည်းတိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုအတွင်း ရဲစခန်းလိုင်းခန်း မီးလောင်တာနဲ့ အဆောက်အဦးတချို့ထိခိုက်ပျက်စီးတာအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.