ဖာပွန်၊ သြဂုတ်(၁၀)
KNU ဖာပွန်ခရိုင်အတွင်း ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အပါအဝင် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရာထူးတာဝန်ကနေ စွန့်လွှတ်ထွက်ခွာနှုတ်ထွက်ကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် ၅ တပ်မဟာဌာနချုပ် စစ်ရေးချုပ်ရုံးက ဩဂုတ် ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) အုပ်ချုပ်နယ်မြေထဲမှာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီရဲ့စစ်ရေးနဲ့ အုပ်ချုပ်ရေးကျူးကျော်ဝင်ရောက်မှုတွေဟာ ယနေ့အထိ ဆက်လက်ကျူးကျော်နေဆဲရှိသေးတာကို တွေ့မြင်နေရပြီး ကရင်လူထုအပါအဝင် တနိုင်လုံးရှိ ပြည်သူလူထုတွေက စစ်ကောင်စီကို တရားဝင်လက်ခံအသိအမှတ်ပြုခြင်းမရှိတဲ့အပြင် လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်မှုတွေ၊ လက်နက်စွဲကိုင်တော်လှန်မှုတွေဟာလည်း လက်ရှိအချိန်ထိ ဖြစ်ပေါ်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅အတွင်းရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရာထူးတာဝန်တွေကနေ စွန့်လွှတ်ထွက်ခွာနှုတ်ထွက်ဖို့ အခုနှစ်ဇန်နဝါရီ ၁ ရက်နေ့ ရက်စွဲနဲ့ KNLA တပ်မ ဟာ ၅ က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီထုတ်ပြန်ထားချက်အပေါ် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းနဲ့ အုပ်ချုပ်ရေးမှူးတချို့ လိုက်နာဆောင်ရွက်မှုရှိခဲ့ပေမယ့် အချို့သောဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေဟာ ဒီကနေ့အချိန်အထိ လိုက်နာဆောင်ရွက်မှု မရှိတဲ့အပြင် ထုတ်ပြန်ကြေငြာချက်ကို ဆန့်ကျင်ပြီး စစ်ကောင်စီကို အကျိုးပြုစေတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်နေဆဲ ရှိနေသေးတာကို တွေ့မြင်နေရတယ်လို့ KNLA တပ်မဟာ ၅ က ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ ကျန်ရှိနေသေးတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေကို KNLA တပ်မဟာ ၅ ရဲ့ အရင်အမိန့်ထုတ်ပြန်ကြေညာချက်အတိုင်း အတိအလင်းလိုက်နာဆောင်ရွက်ကြဖို့နဲ့ မလိုက်နာသူတွေကို အမိန့်ဆန့်ကျင်သူတွေအဖြစ် သတ်မှတ်ပြီး အရင်ကထက် ပိုမိုထိရောက်တဲ့ အ ရေးယူဆောင်ရွက်မှုတွေကို ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ KNLA တပ်မဟာ ၅ ဌာနချုပ် စစ်ရေးချုပ်ရုံးက ထပ်မံသတိပေးထားပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ် BGF တပ်တို့အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် BGF တပ်တို့ဘက်က ထိခိုက်သေဆုံးဒဏ်ရာရရှိမှု များပြားနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU