ဘုတ်ပြင်း၊ သြဂုတ်(၃)
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ထောင်မွန်ကျေးရွာနေ မိသားစု ၃ ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ဖခင်နဲ့မိခင်ဖြစ်သူသေဆုံးပြီး သားဖြစ်သူပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တိုင်း (ပကဖ) တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ အသက် ၆၈နှစ်အရွယ် ဦးခင်မောင်လွင်တို့ မိသားစုနေထိုင်တဲ့ ဥယျာဉ်ခြံထဲက နေအိမ်မှာရှိနေချိန် သေနတ်သမား ၂ ဦး ဝင်ရောက်လာပြီးနောက် သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးခင်မောင်လွင်ဟာ ဝမ်းဗိုက်နဲ့ရင်ဘတ်တွေမှာ ကျည်ထိမှန်ဒဏ် ရာ၊ ဇနီးဖြစ်သူ အသက် ၆၀ အရွယ် ဒေါ်မြင့်ခိုင် ညာဘက်ညှပ်ရိုးနဲ့ ရင်ဘတ်တွေမှာ ကျည်ထိမှန်ဒဏ် ရာတွေရရှိပြီး နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် သားဖြစ်သူ ကိုကျော်ကျော်လွင်ဟာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရတယ်လို့ သိရပါတယ်။
မိသားစု ၃ ဦး သေနတ်နဲ့ ပစ်သတ်ခံရမှုဟာ ပုဂ္ဂိုလ်ရေးကိစ္စလို့ ကြားသိရပေမယ့် ဖြစ်စဉ်အသေးစိတ် ဆက်လက်စုံစမ်းနေတယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်၊ ရှမ်းကိုးရွာသွားလမ်းဘေး ရွာဟေ့လူကျေး ရွာအနီး လူကုန်ကူးမှုနဲ့ဆက်စပ်တယ်ဆိုတဲ့ အမျိုးသား ၈ ဦးသတ်ဖြတ်ခံခဲ့ရပေမယ့် ဒီနေ့အချိန်အထိ လက်သည်မပေါ်ဘဲ ရှိနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ