ရန်ကုန်၊ သြဂုတ်(၃)

နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးကနေ စစ်ကောင်စီ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၈၀၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှု မရှိသလောက် နည်းပါးနေတဲ့အတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP က ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီဟာ သြဂုတ် ၁ ရက်နေ့မှာ ကျရောက်တဲ့ ဒုတိယဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အလုပ်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၇၇၄၉ ဦးကို ခံဝန်ထိုးပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ပေးအပ်ခဲ့တာပါ။

စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်သာ ပါဝင်တယ်လို့ AAPP က သြဂုတ် ၂ ရက်နေ့ ညပိုင်းအထိ ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း လွက်ရက်ပြည့်ကာနီး နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေသာဖြစ်ပြီး အများစုဟာလွတ်ရက်စေ့ဖို ၂ လ ၊ ၃ လလောက်သာ ကျန်ရှိတော့တဲ့သူတွေ ဖြစ်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ အကျဉ်းသူ၊ အကျဉ်းသားလွှတ်ပေးမှုဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အမြင်ကို လှည့်ဖျားဖို့ လုပ်ဆောင်တာလို့ ဝေဖန်ပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်/ကျဉ်းတွေကို လွှတ်ပေးတာက အစကတည်းမဖမ်းသင့်တဲ့သူတွေကို ဖမ်းထားပြီးမှ လွှတ်ပေးတာပါ။ နောက်တစ်ချက်က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုတာက နိုင်ငံတကာနဲ့ ကစားတဲ့ကစားပွဲတွေမှာကစားဖို့ ဓားစာခံအဖြစ်ဖမ်းဆီးထားတာဖြစ်တယ်။ စစ်အုပ်စုက ပြန်ပေးသမားတွေလိုမျိုးပဲ နိုင်ငံရေးအကျဉ်းသားတွေကို အမြဲဖမ်းထားတာဖြစ်တယ်။ နိုင်ငံတကာမျက်နှာစာမှာ တစ်ခုခုကစားဖို့ လိုအပ်လာရင် နိုင်ငံရေးအကျဉ်းသားထဲက တချို့ကိုလွှတ်ပေးတာတွေ၊ ပြစ်ဒဏ်လျှော့ပေးတာတွေက စစ်အာဏာရှင်တွေ လုပ်နေကြဖြစ်တယ်။ အခုလည်းဒီလိုပါပဲ နိုင်ငံတကစားကွက်တွေမှာ ကစားနိုင်ဖို့အတွက် နိုင်/ကျဉ်းတွေကို လွှတ်ပေးလိုက်တာဖြစ်တယ်” လို့ သူကဆိုပါတယ်။

အကျဉ်းသား ၈၀၀၀ နီးပါး ပြန်လွှတ်ပေးခဲ့တဲ့ စစ်ကောင်စီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပေါ် ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ပါတယ်။

ဒ့ါအပြင် ထောင်ကျခံနေရတဲ့ နိုင်ငံခြားသား ၁၂၅ ဦးကိုလည်း လွတ်ငြိမ်းခွင့်ပေးအပ်ခဲ့သလို သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ပြောင်းလဲသတ်မှတ်ပေးခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့ စစ်ကောင်စီဟာ နေ့စဉ်နဲ့အမျှ သူတို့ဆန့်ကျင်ဝေဖန်တာ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ CRHP အပါအဝင် PDF ထောက်ခံတွေသူကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချနေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ နိုင်ငံတဝန်းမှာ ဆက်လက် ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ နီးပါး ရှိတယ်လို့ ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.