မြိုင် – ဇူလိုင်(၃၁)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းဆီး သတ်ဖြတ်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၆) ရက်နေ့ကစပြီး အင်အား(၆၀) ဝန်းကျင်ပါတဲ့ စစ်ကြောင်စီ စစ်ကြောင်း ဟာ အိုင်းမရွာကို ရောက်ရှိလာတာဖြစ်ပြီး အင်အားထပ်ဖြည့်တာတွေလည်းရှိနေတယ်လို့ ဆိုပါ တယ်။

“လောလောဆယ် အဲဒီစစ်ကြောင်းက တွင်းမ ပျူရွာထဲကို ဝင်သွားပြီ။ ကားတစ်စီးကိုလည်း မီးရှို့ပြီးတော့ စိတ်ဝေဒနာရှင် တစ်ယောက်ကိုလည်း သေနတ်နဲ့ နားထင်ကိုပစ်သတ်သွားတာဗျ။ ပျူတွေကလည်း ရွာတွေကိုဝင်ပြီး သောင်းကျန်နေတာ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ ပန်းတိုင်းတောကျေးရွာက အသက် (၃၇) နှစ်အရွယ် ကိုနေအောင်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့တစ်ခုရဲ့ ကားတစ်စီးနဲ့ ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းတွေဖော်ပြနေတဲ့ နွေဦးတော်လှန်ရေး မြိုင်မြို့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ(၂၆) ရက်နေ့က အိုင်းမကျေးရွာနေ ပြည်သူ(၇) ဦးကို ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ်ပြုလုပ်ခဲ့ကာ (၂၈) ရက်နေ့မှာတော့ (၅) ဦးကိုပြန်လည်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီစစ်ကြောင်းကို အင်အားဖြည့်တင်းဖို့ စစ်ကောင်စီတပ်သား (၅၀) ဝန်းကျင်ဟာ ကုန်းကျေးရွာအနီးကို ရောက်ရှိနေသလို အိုင်းမရွာက ထွက်လာတဲ့ စစ်ကြောင်း ကတော့ တွင်းမပျူစောထီးရွာကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၉) ရက်နေ့ကလည်း ကန်နီပျူရွာက ပျူစောထီးတွေဟာ လက်ထုပ်တောရွာ ကို ဝင်ရောက်မွှေနှောက်ပြီး နေအိမ်(၃)လုံး မီးရှို့ဖျက်ဆီးကာ နွား(၆)ကောင်နဲ့ ဆိုင်ကယ်(၇) စီး လုယူသွားတယ်လို့ ဒေသခံတွေက ပြောခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – နွေဦးတော်လှန်ရေးမြိုင်မြို့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.