သထုံ၊ ဇူလိုင်(၃၀)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ချောင်းစောက်နဲ့မရမ်းကုန်းကျေးရွာကြားမှာ ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်း ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ KNU သထုံခရိုင်ပြောခွင့်ရက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။
သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၉) တပ်ရင်းအပါအဝင် ပူးပေါင်းတပ် အင် အား ၁၀၀ နီးပါးဟာ မရမ်းကုန်း၊ ချောင်းစောက်၊ ဝင်းပကျေးရွာဘက်ကနေ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးစစ်ဆင်ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။
ကနဦးမှာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားထားပေမယ့် မြေပြင်အခြေအနေ အသေးစိတ်မသိရသေးကြောင်းနဲ့ ဒါပေမဲ့ စစ်ကောင်စီဘက်က ထပ်မံဝင်ရောက်လာရင် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ KNU သထုံခရိုင်ပြောခွင့်ရ ပဒိုစောအေးနိုင်က ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတချို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေပြီး အများစုက တော့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း သထုံမြို့နယ် ဝီယော်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်ရဲ့ ကျေးရွာတွေထဲ လက် နက်ကြီးပစ်ခတ်မှုကြောင့် ထုံးဘိုလေးကျေးရွာ ဒေသခံ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝီယော်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၁၃ လုံး၊ ဘုန်ကြီးကျောင်း ၂ ကျောင်း၊ ဆေးပေးခန်း ၁ ခု၊ ကား ၂ စီး ပျက်စီးခဲ့ပြီး နွားတချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်