မော်လမြိုင်၊ ဇူလိုင်(၃၀)

မွန်ပြည်နယ်တဝှမ်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် ဇူလိုင် ၂၉ ရက်နေ့ မနက်အစောပိုင်းကစပြီး ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုတွေ ထပ်မံဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် မွန်ပြည်နယ်ရဲ့ ရေး၊ သံဖြူဇရပ်၊ မုဒုံနဲ့ ပေါင်မြို့နယ်တို့မှာ ရေ ကြီးရေလျှံမှုတွေ ဖြစ်ပွားနေသလို ရေနိမ့်ပိုင်းရပ်ကွက်က ပြည်သူတချို့ကို အရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

ရေးမြို့နယ် ရေကြီးရေလျှံမှုကြောင့် ဟံဂံကျေးရွာပြည်သူတချို့ အရေးပေါ်ပြောင်းရွှေ့နေရပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ လှေအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် ပေါင်မြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်း ရေကျော်တာ၊ မုဒုံမြို့နယ် သဖြူဇရပ် – မုဒုံကားလမ်း ရေကျော်တာအပြင် ရပ်ကွက်တွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပွားနေတာပါ။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်ပေါ်မှာ တောင်မြေပြိုမှု ဖြစ် ပွားခဲ့တဲ့အတွက် ကုန်စုံဆိုင်တစ်ဆိုင်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းကလည်း သံဖြူဇရပ်မြို့နယ် ကြာကန်ရပ်ကွက်မှာ လေဆင်နှာ မောင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၂၀ နီးပါး အမိုးလန်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်တတိယအပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ တောင်မြေပြိုမှုတွေကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၄ ဦး ရေနစ်သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သလို လူထောင်နဲ့ချီ အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာပါ။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ-Social Media/ဗညားအောင်မြတ်သူ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.