နေပြည်တော်၊ ဇူလိုင်(၃၀)

ဘက်ပေါင်းစုံဖိအားတွေနဲ့ နိုင်ငံကိုတည်ငြိမ်အောင် မထိန်းချုပ်ထားနိုင်တဲ့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးပြီး နိုင်ငံရေးအခင်းအကျင်းတစ်ခု ရှာဖွေနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဇူလိုင်ဒုတိယအပတ်နဲ့ နှောင်းပိုင်းကာလတွေမှာ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူပုဂ္ဂိုလ်တချို့နဲ့ တွေ့ခွင့်ပေးခဲ့သလို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လာတာပါ။

နိုင်ငံ့အာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီရဲ့ သာမန်မဟုတ်တဲ့ အ ခြေအနေနဲ့ တိုးယူထားတဲ့ အရေးပေါ်ကာလသက်တမ်းကလည်း အဆုံးသတ်ရမယ့်ရက် တဖြည်းဖြည်း နီးကပ်လာနေပါတယ်။

တဖက်မှာလည်း အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့ခုခံတော်လှန်စစ်ကလည်း ဖက်ဒ ရယ်ဒီမိုက ရေစီပြည်ထောင်စုနဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ကနေ စစ်တပ်အပြီးတိုင်ချုပ်ငြိမ်းသွားဖို့ လူထုနဲ့ မြေပြင်အခြေအနေက တောင်းဆိုနေတဲ့ အနေအထားပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး သက်ဆိုင်သူတချို့နဲ့ တွေ့ဆုံဆွေးနွေးတာလောက်နဲ့ မြန်မာ့အကျပ်အတည်း မဖြေရှင်းနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“ဒေါ်စုကိုလွှတ်လိုက်ပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတချို့လောက်နဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အနေအထား မြန်မာပြည်ဟာ မရောက်ရှိပါဘူး။ ဒါကြောင့် ဒါတွေဟာ တကယ်တမ်းကျတော့ ခပ်ရိုင်းရိုင်းပြောရရင် ခွေးဝမ်းသာအောင် လေလည်ပြနေတာပေါ့ဗျာ။ နိုင်ငံရေးအရ အချောင်လမ်းကြောင်းကနေ သွားချင်တဲ့ အင်အားစုတွေအားလုံး လှည့်စားဖို့၊ နောက်နိုင်ငံတကာကနေ ဆွေးနွေးပွဲတွေလုပ်ပါ၊ အကြမ်းဖက်မှုတွေရပ်ပါလို့ တဖွဖွတောင်းဆိုနေတဲ့ အင်အားစုတွေကို သူတို့အနေနဲ့ ဆက်လက်လှည့်စားဖို့ အခင်းအကျင်းတစ်ခုကို ရှာဖွေနေတယ်လို့ ကျွန်တော်ကယူဆပါတယ်”လို့ သူက ဆိုပါတယ်။

ဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နိုင်ငံပိုင်အရာရှိရိပ်သာ အဆောက်အဦးတစ်ခုဆီ ရွှေ့ပြောင်းလိုက်ပြီလို့ NLD ပါတီအရာရှိတစ်ဦးက ဇူလိုင် ၂၈ ရက်နေ့ မှာ ပြောဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတချို့က ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုလွှတ်တော် နာယကတီခွန်မြတ်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့လည်း NLD ပါတီအရာရှိက အတည်ပြုပြောကြားခဲ့တာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အာရှရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စား လှယ် တိန့်ရှီကျွင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရ၊ မရကိုတော့ ရေရေရာရာ ထုတ်ဖော်ပြော ဆိုလာတာ မရှိသေးပါဘူး။

တရုတ် – မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီဟာ အရင်စစ်အာဏာရှင်တွေရဲ့ လမ်းစဉ်အတိုင်း လူထုကိုလိမ်ညာနေတာဖြစ်တယ်လို့ ဝေဖန်တာပါ။

“စစ်ကောင်စီရဲ့ တောက်လျှောက်ရည်မှန်းချက်က သူတို့ရဲ့ စစ်အာဏာရှင်စနစ်ကို ရေရှည်ဆွဲထားဖို့ပဲ။ အဲဒီတော့ ပြည်သူလူထုကို မျက်လှည့်လေးတစ်ခုပြလိုက်။ ပြည်သူလူထုက ဪဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပြီဆို ကောင်းတော့မလား၊ ကောင်းတော့မလားနဲ့ အဲဒီလိုဖြစ်အောင်။ ဒါကဘာကိုပြသလဲဆို သူတို့မှာ (စကစ) ပြည်သူလူထုကို လိမ်ညာစရာလမ်းမရှိတော့ဘူး၊ လမ်းဟောင်းတွေပဲ လိုက်နေရတာတစ်ခု။ နောက်တစ်ခုက သူတို့မှာ စီးပွားရေး၊ နိုင်ငံရေး၊ သံခင်းတမန်ခင်းအရေးအားလုံးမှာ တော်တော်ချွတ်ခြုံကျနေပြီဆိုတာတစ်ခု။ အဲဒီနှစ်ခုကို ဖော်ပြတာပဲ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ချင်မှလည်းလွှတ်မှာ၊ သတင်းတွေပဲ ဟိုလိုလိုဒီလိုလိုဖြစ်အောင် သူတို့လုပ်မှာ”လို့ သူက ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ကျော့ပြန်စစ်တပ်အာဏာသိမ်းတဲ့အ ချိန်ကစပြီး ဖမ်းဆီးထိန်းသိမ်းခံထားရကာ စစ်ကောင်စီအထူးတရားရုံးကနေ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် အမိန့်ချမှတ်ခံထားရတာပါ။

အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းသံတမန်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီကခွင့်မပြုခဲ့ဘဲ ဇူလိုင် ၉ ရက်နေ့မှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပထမဆုံးတွေ့ခွင့်ရခဲ့တဲ့အတွက် အာရှနိုင်ငံသံတမန်တချို့ကလည်း တွေ့ခွင့်ရဖို့ တောင်းဆိုထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကလည်း စစ်ကောင်စီရဲ့ လုပ် ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ်အသုံးချဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အခုဖြစ်စဉ်ကြောင့် တော်လှန်ရေးအင်အားစုတွေကြားမှာ အားနည်းသွားစရာ အကြောင်းမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို Hostage Diplomacy (ဓားစာခံလိုမျိုး) သုံးဖို့ ကြိုးစားတယ်။ သူတို့အ နေနဲ့ စိတ်ထားမှန်မှန်နဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့ လုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအင် အားစုတွေကြားမှာ သွေးကွဲသွားမလား။ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာကြားမှာ သွေးကွဲသွားမလား၊ တော်လှန်ရေးအင်အားကို ယုတ်လျော့သွားမလား၊ အားနည်းသွားမလားဆိုတဲ့ အနေအ ထားကို ကြိုးစားပြီးလုပ်ကိုင်တဲ့သဘောရှိပါတယ်။ ဒါပေမယ့်လည်း တော်လှန်ရေးအင်အားစုတွေကြားထဲမှာ အားနည်းသွားစရာအကြောင်းလုံးဝမရှိဘူး”လို့ သူကဆိုပါတယ်။

ယင်းမာပင်၊ ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်ဦးဆောင်ကော်မတီ ဦးဆောင်သူ ကိုလွမ်းသူကလည်း စစ်ကောင်စီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး တွေ့ဆုံဆွေးနွေးလမ်းစဉ် ပြောင်းလာရင်လည်း ပြည်သူတွေ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအသစ် မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

“အကယ်၍များပေါ့နော်။ ဒေါ်စုကိုအသုံးချပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတွေတင်ခဲ့တယ်ဆိုရင်တောင်မှ ကျွန်တော်တို့ ၂၀၀၈အောက်က ဆွေးနွေးတဲ့ဆွေးနွေးပွဲမှန်သမျှ ဘယ်လိုမျိုးသောနိုင်ငံရေးဆွေးနွေးပွဲပဲ ဖြစ်ဖြစ်၊ ဘယ်လိုမျိုးသောအရာဖြစ်ဖြစ် ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆန့်ကျင်ကန့်ကွက်ပြီးတော့မှ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး ပြည့်ဝတဲ့ပြဌာန်းခွင့်၊ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် မရောက်မချင်းကတော့ ကျွန်တော်တို့ဆက်ပြီးတော့ တိုက်ပွဲဝင်ရမှာ ဖြစ်တယ်ပေါ့နော။ ဘာလို့ဆိုတော့ ဒီတော်လှန်ရေးက ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့၊ အခြားသောခေါင်းဆောင်တွေလွတ်မြောက်ဖို့ မဟုတ်ပါဘူး။ အားလုံးလွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်ကြတာ ဖြစ်တဲ့အတွက် ဘယ်လိုမျိုးပဲသူ့ဘက်ကခေါင်းဆောင်တွေကို ထုတ်ကစားလာလာ၊ ဝှက်ဖဲတွေကို ထုတ်သုံးလာ၊ ထုတ်သုံးလာ ကျွန် တော်တို့ရဲ့ မျှော်မှန်းချက်၊ ကျွန်တော်တို့လိုချင်တဲ့အရာ မရသမျှတော့ဆက်တိုက်ဖို့ပဲ ရှိပါတယ်” လို့ သူကဆိုပါတယ်။

စစ်အာဏာသိမ်းမှု နှစ်နှစ်ခွဲနီးပါးအတွင်း မြေပြင်ထိတွေ့တိုက်ပွဲတွေအပြင် နိုင်ငံရေးနဲ့ သံတမန်ရေးရာတွေမှာ အဘက်ဘက်က ရှုံးနိမ့်နေလာတဲ့ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးဖို့ ခြေလှမ်းနေတာလို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းကျစဉ်ကာလတွေအတွင်း နိုင်ငံခြားသံတမန်တွေ အထူးကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ပြုပြီး နေအိမ်အကျယ်ချုပ်ပြန်ထားတာဟာ အရင်စစ်အာဏာရှင်အ ဆက်ဆက်ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟောင်း ဖြစ်နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်လို စစ်ကောင်စီနဲ့ ရင်ကြားစေ့ရေးလမ်းကြောင်းအတိုင်း ပြန်လျှောက်မှာလား ဒါမှမဟုတ် စစ်တပ်ကို မြန်မာ့နိုင်ငံရေးကနေ ထွက်ခွာဖို့ တောင်းဆိုမလားဆိုတာ ရွေးချယ်စရာရှိနိုင်ပြီး လူထုဘက် အမြဲတမ်းမျက်နှာမူခဲ့တဲ့ ခေါင်းဆောင်အနေနဲ့ လူထုဘက်လိုက်ပါလိမ့်မယ်လို့ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.