နယူးဒေလီ၊ ဇူလိုင်(၁၁)
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ မုတ်သုံမိုးတွေသည်းထန်စွာရွာသွန်းပြီး နိုင်ငံမြောက်ပိုင်း မှာမြေပြိုမှုနဲ့ ရုတ်တရက် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ သုံးရက်အတွင်း လူ (၁၅) ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် နယူးဒေလီရှိ စာသင်ကျောင်းတွေကိုလည်း ဇူလိုင်လ (၁၀) ရက်နေ့ကစ ပိတ်ထားခဲ့ရ တယ်လို့ သိရပါတယ်။
သီတင်းပတ်ကုန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နယူးဒေလီရှိ နေရာအချို့မှာ ရေများပြည့် လျှံကာ လမ်း တွေနစ်မြုပ်ခဲ့ပြီး ဒေသခံတွေ သောင်တင်နေခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံမြောက်ပိုင်းက တောင်ကုန်းရှိတဲ့ ပြည် နယ်တွေဟာ အဆိုးရွားဆုံးခံစားခဲ့ရပြီး ဟင်မာ ချယ်ပါရာဒချ်နဲ့ အေတ္တရာ့ဟမ်း ပြည်နယ်တွေမှာ ရေကြီးမြေပြိုမှု တွေကြောင့် လူ (၁၀) ဦး သေဆုံးခဲ့တယ်လို့ Press Trust of India သတင်းအေဂျင်စီက ဖော်ပြပါတယ်။
နယူးဒေလီမှာတော့ လူ (၁) ဦးသေဆုံးပြီး (၄) ဦးက အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရ်ှမီးယားဒေသမှာ သေဆုံး ခဲ့တာ ဖြစ်ပါတယ်။
မိုးရွာသွန်းမှုကြောင့် မြေပြိုမှုတွေဖြစ်ပေါ်ကာ ဟိမဝန္တာတောင်တန်းရှိ တောင်ကုန်းပြည်နယ် အေတ္တရာ့ဟမ်းရဲ့ အဓိကအဝေးပြေးလမ်းမကြီးတွေ ပျက်စီးကာ သွားလာမှုပြတ်တောက်ခဲ့ရပြီး ဒေသခံတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့ သတိပေးချက်ထုတ်ပြန်ထားခဲ့ပါတယ်။
အိမ်နီးချင်း ပါရာဒချ်မှာလည်း တံတားတွေနဲ့ အိမ်တွေပါ မျောပါသွားတာကြောင့် ဒေသခံအာဏာပိုင်တွေက လူတွေကို ကယ်ဆယ်ဖို့ ရဟတ်ယာဉ်တွေကို အသုံးပြုခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ မိုးလေဝသအေဂျင်စီက လာမယ့်ရက်တွေအတွင်း မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာ သွန်းမယ် လို့ ခန့်မှန်းထားပြီး တစ်နိုင်ငံလုံးမှာ မုတ်သုံမိုးရွာသွန်းမှုမှာ ပုံမှန်ထက် မိုးရေချိန် (၂) ရာခိုင်နှုန်းခန့် ပိုမိုနေပြီ လို့လည်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံဟာ ဇွန်လကနေ စက်တင်ဘာလ မုတ်သုံရာသီအတွင်း ပြင်းထန်တဲ့ရေကြီးမှုတွေ ပုံမှန်ဖြစ် ပေါ်လေ့ရှိပြီး တောင်အာရှရဲ့ နှစ်စဉ်မိုးရေချိန်အများစုကြောင့် မိုးရာသီမှာစိုက်ပျိုးထားတဲ့ သီးနှံတွေအတွက် အဲဒီမိုးရေဟာ အလွန်အရေးပါပေမယ့်လည်း မကြာခဏ ပျက်စီးမှုတွေ ဖြစ်ပေါ်စေပါတယ်။
ရာသီဥတုဖောက်ပြန်မှုနဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် မုတ်သုံရာသီဟာ ပိုမိုပြောင်းလဲလာကာ အိန္ဒိယရဲ့ ဟိမဝန္တာမြောက်ဘက်မှာ မကြာခဏ မြေပြိုတာနဲ့ ရုတ်တရက် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားစေတယ်လို့ သိပ္ပံပညာ ရှင်တွေက ပြောကြားခဲ့တာပါ။
မုတ်သုံမိုးရွာသွန်းမှုကြောင့်လည်း အိမ်နီးချင်းပါကစ္စတန်မှာ အိန္ဒိယကနေ ပါကစ္စတန်ကို စီးဆင်းတဲ့ ရေကာတာ တွေက ရေတွေကို ရာဗီမြစ်ထဲသို့ လမ်းကြောင်းပြောင်းပြီးနောက် အခုရာသီရဲ့ ပထမဆုံးသော ရေလွှမ်းမိုးမှု အတွက် အာဏာပိုင်တွေက အထူးသတိပေးချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်းရှိ မြေနိမ့်ပိုင်းတွေကို ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေကြောင်း ပါကစ္စတန် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ပြောကြားခဲ့တာပါ။
အခြားနေရာတွေက လူ (၅၀၀) ကျော်ကိုလည်း ရွှေ့ပြောင်းပေးထားကြောင်း တာဝန်ရှိသူတွေက ထပ်လောင်းပြောပါတယ်။
ပါကစ္စတန်မှာ ဇွန်လ ၂၅ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ (၈၀) ထက်မနည်း သေဆုံးပြီး (၁၈၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ်ကတော့ ပန်ဂျပ်မှာ သောင်တင်နေသူတွေကို ကယ် ဆယ်ပေးခဲ့တဲ့ ကယ်ဆယ်ရေးသမားတွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ငွေကြေးပြတ်တောက်နေတဲ့ ပါကစ္စတန်ဟာ ပြီးခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း (၁၇၃၉) ဦး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု ဒေါ်လာ ဘီလီယံ (၃၀) ကို ပြန်လည်ရရှိနိုင်ဖို့ ရုန်းကန်နေရဆဲလည်း ဖြစ်ပါတယ်။
Ref: Washingtontimes