စစ်တွေ – ဇူလိုင်(၁) ရခိုင်ပြည်နယ်မှာ မုန်တိုင်ကြောင့်မြို့တွေနဲ့ ကျေးရွာတွေက ပျက်စီးသွားတဲ့ မီးလိုင်းတွေကို ပြုပြင်ထိန်းသိမ်းတာ (၅၀) ရာခိုင်နှုန်းပြီးစီးသွားပြီလို့ စစ်ကောင်စီက ထုတ်ပြန်လာတာဟာ လိမ်လည်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြည်သူတွေနေထိုင်တဲ့နေရာတွေမှာ အခုချိန်ထိ လျှပ်စစ်မီးမရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီး (၂) လဝန်းကျင်အထိ ဒေသခံတွေဟာ လျှပ်စစ်မီးမရရှိသေးဘဲ နေရောင်ခြည်သုံး ဆိုလာစွမ်းအင်ကိုသာ အဓိကအားထားနေရတာပါ။

ဆိုလာကိုအဓိကအားကိုးပြီး အသုံးပြုနေရပေမယ့် လက်ရှိအချိန်ဟာ မိုးရာသီကိုရောက်ရှိလာပြီဖြစ်တဲ့အတွက် နေရောင်ခြည်အလုံအလောက်မရတော့လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီက လျှပ်စစ်မီးလိုင်းတွေကို ဌာနဆိုင်ရာတွေ၊ ဘုရားပုထိုးတွေအတွက် အဓိကထား လုပ် ဆောင်နေပေမယ့် လူနေအိမ်တွေဘက်ကိုတော့ လုပ်ဆောင်ပေးနေတာရှိဘူးလို့ ရသေ့တောင်ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီထုတ်ပြန်ထားတဲ့ (၅၀) ရာခိုင်နှုန်းပြီးစီးပြီဆိုတဲ့အခြေအနေဟာ လက်တွေ့မြေ ပြင်မှာ အမှန်တကယ်မဟုတ်ဘဲ (၂၅) ရာခိုင်နှုန်းလောက်သာ လုပ်ဆောင်ပေးနေတဲ့ အခြေအနေဖြစ်တယ်လို့ သူကပြောပါသေးတယ်။

မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပျက်စီးသွားတဲ့ ဓာတ်အားလိုင်းနဲ့ ဓာတ် အားခွဲစက်ရုံတွေကို ပြုပြင်တာတွေလုပ်ဆောင်နေပြီး ကျေးရွာဓာတ်အားလိုင်းတွေကို ပြုပြင်ပြီးစီးမှုအနေနဲ့ (၄၉.၃၅) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇွန် လနောက်ဆုံးပတ်မှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေအတွက် ဇွန်လအတွင်းမှာ လျှပ်စစ်မီး ဖြန့်ဖြူးပေးထားတယ်လို့ ထုတ်ပြန်ထားပေမယ့် လက်တွေ့မြေပြင်အခြေအနေတွေနဲ့တော့ ကွဲလွဲမှုတွေရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MPA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.