ရေး၊ ဇွန်(၃၀)
မွန်ပြည်နယ်ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို အကြောင်းပြချက်မရှိဘဲ လိုက်လံဖမ်းဆီးနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက နှစ်ကရင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ကနေ ပြည်သူတွေကို အကြောင်းပြချက်မရှိဘဲ လိုက်လံဖမ်းဆီးနေတာပါ။
စစ်ကောင်စီတပ်ဟာ ဇွန် ၂၉ ရက်နေ့ မနက်ပိုင်းမှာ ကျေးရွာအတွင်း သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီးနောက် ဒေသခံတွေကို လိုက်လံဖမ်းဆီးတာနဲ့ နေအိမ်တွေကို ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ဒေသခံ ၆ ဦးထက်မနည်း ဖမ်းဆီးထားပြီး ကျေးရွာအတွင်းရှိ ကားနဲ့ ဆိုင်ကယ်တွေကိုပါ ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် ဒေသခံပြည်သူအများစု ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့ဒေသခံတွေက နေအိမ်အပြင်မထွက်ဘဲ ပုန်းခိုးနေထိုင်နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံပြည်သူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာနဲ့ သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို သံလွင်တိုင်းမ်အနေနဲ့ အသေးစိတ်သိရဖို့ စုံစမ်းနေပါတယ်။
မွန်လူမျိုးအများစုနေထိုင်တဲ့ နှစ်ကရင်ကျေးရွာမှာ အိမ်ခြေ(၃)ထောင်လောက်ရှိပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေခံရမှာကို စိုးရိမ်တဲ့အတွက် ဘုန်းတော်ကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြတာတွေရှိနေသလို ဘေးလွတ်ရာနေရာတွေကိုလည်း ပြောင်းရွှေ့တာတွေရှိနေတယ်လို့ သိရပါတယ်။
ဒီဇွန်လအတွင်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နှစ်ကရင်ဒေသခံ (၃) ဦးသေဆုံးထားပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တာပါ။
မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ (၆၅) ဦးသေဆုံးထားပြီး ဖမ်းဆီးခံထားရသူ (၄၀၀) ကျော်အထိရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media