မြိတ် – ဇွန်(၃၀)

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် စန္ဒာဝတ်ကျေးရွာအုပ်စု မရင်းငယ်ဖျား ကျေးရွာ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်မှာ ခရီးသည်တင်ကားနဲ့ အုတ်တင်ကား တိုက်မိခဲ့တဲ့အတွက် (၉) ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ(၃၀) ရက်နေ့ မနက်ပိုင်းက မြိတ်ကနေ ကော့သောင်းကို ဆင်းလာတဲ့ မိုးသောက်ကြယ် ခရီးသည်တင်ကားနဲ့ တနင်္သာရီကနေ မြိတ်ဘက်ကိုလာတဲ့ အုတ်တင် (၆) ဘီးကားတို့ တိုက်မိခဲ့တာပါ။

“ကားတိုက်ထားတဲ့ နေရာက မြိတ်ဘက်ကနေ ကော့သောင်းဘက်ဆင်းရင် လမ်းညာဘက် ခြမ်းမှာ နှစ်စီးလုံးရောက်နေတာ၊ ပုံစံကြည့်ရတာ အုတ်ကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက် တဲ့ပုံစံဖြစ်နေတယ်။ ခရီးသည်တင်ကားက ယာဉ်မောင်း ညှပ်နေလို့ မနည်းဆွဲထုတ်နေရတယ်” လို့ လူမှုကူညီရေးအသင်းဝင်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ကားပေါ်မှာ ပါလာတဲ့ (၁၅) ဦးထဲက ယာဉ်မောင်းအပါအဝင် (၉) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသွားသူတွေကို လူမှုကူညီရေးအသင်းတွေက မြိတ်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.