ရေး၊ ဇွန်(၂၅)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းတွေကို စစ်ကောင်စီတပ်က အပြင်းအထန်ဖိအားပေးပြီး အလုပ်ခိုင်းစေနေတယ်လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

Non CDM ဝန်ထမ်းတွေဟာ နေ့စဉ်နဲ့အမျှ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ထူးခြားဖြစ်စဉ်တွေကို အ ထက်အရာရှိကနေတဆင့် စစ်ကောင်စီတပ်ထံ တင်ပြနေရတာဖြစ်ပါတယ်။

အဲဒီလို တင်ပြရာမှာလည်း အချိန်မီမပေးပို့နိုင်ပါက အပြင်းအထန်ဖိအားပေးတာနဲ့ ဆူပူကြိမ်မောင်းတာတွေ ခံနေရတဲ့အတွက် ဝန်ထမ်းဆက်လုပ်ဖို့ စိတ်ကုန်လာကြတယ်လို့ ဆိုပါတယ်။

ဖိအားပေးခံရတဲ့ Non CDM ဝန်ထမ်းတွေဟာ အလုပ်ထွက်လိုကြပေမယ့် စစ်ကောင်စီက အလုပ်ထွက်ခွင့်တားမြစ်ထားပြီး ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေရှိနေတဲ့ ဝန်ထမ်းတွေကိုသာ ဆေးပင်စင်ထုတ်ပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် Non CDM ဝန်ထမ်းတွေဟာ မော်လမြိုင်-ရေးလမ်းပိုင်း ခရီးသွားလာရာမှာလည်း စစ်ကောင်စီဘက်က ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးပေးဆောင်နေသလို PDF တွေ ဖမ်းဆီးခံရမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းထဲမှာ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း(၂၇) ဌာနချုပ်က မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်နဲ့ မြိတ်လမ်းတလျှောက်ကို ထိန်းချုပ်လှုပ်ရှားနေတဲ့အတွက် ခရီးသွားယာဉ်တွေအနေနဲ့ ကြည်ဖြူစွာအစစ်ဆေးခံကြဖို့၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ယာဉ်ပေါ်မှာ တင် ဆောင်တာတွေမလုပ်ဖို့နဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေ တင်ဆောင်တာတွေ မလုပ်ဖို့ ဇွန် ၁၅ ရက်နေ့မှာ အမိန့်ထုတ်ထားတာပါ။

စစ်ကောင်စီတပ်ကလည်း ဝန်ထမ်းတွေအနေနဲ့ နယ်ကျော်ခရီးသွားလာပါက ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကစ(၁၉)ဌာနချုပ်ထံ သတင်းပေးပို့ဖို့နဲ့ ခွင့်ပြုချက်ရမှ ခရီးသွားလာကြဖို့ ဌာနဆိုင်ရာအားလုံးကို ဇွန် ၁၃ ရက်နေ့မှာ ညွှန်ကြားထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံနေရတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.