တောင်ငူ၊ ဇွန်(၁၆)

ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေထဲက စာသင်ကျောင်းဝန်းတစ်ခုအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အဆောင်နေကျောင်းသားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၄)ရက်နေ့ ည(၁၁)နာရီအချိန်ခန့်က တောင်ငူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ KNU ထန်းတပင်မြို့နယ်အတွင်းရှိ ထိုလွီဝါးအထက်တန်း ကျောင်းဝင်းထဲက ကျောင်းသားတွေနေထိုင်တဲ့ အဆောင်နားမှာ လက်နက်ကြီးကျည်(၁)လုံး ကျရောက် ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကျည်ရောက်ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းထဲက အဆောင်နေကျောင်းသား(၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး (၁)ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ဒီလိုစာသင်ကျောင်းဝင်းထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လတ်တလောမှာ စာသင်ကျောင်းကို ပိတ်ထားခဲ့ရတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

KNU တပ်မဟာ(၂)နယ်မြေထဲမှာရှိတဲ့ ထိုလွီဝါးအထက်တန်းကျောင်းဟာ ကျောင်းသားပေါင်း (၂၀၀၀)နီးပါး ရှိနေပြီး ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဌာနတစ်ခုဖြစ်တဲ့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD လက်အောက်ခံ စာသင်ကျောင်း(၁)ကျောင်းလည်း ဖြစ်တာပါ။

KNU တပ်မဟာ(၂)နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်ကိုလည်း လက်နက်ကြီးထိမှန်ပျက်စီးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေထဲမှာ အခုဇွန်လထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းဝင်းထဲ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းဆောင် ထိခိုက်ပျက်စီးရတာတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ (၂၀၂၁)ခုနှစ် ဖေဖေါ်ဝါရီလ(၁)ရက်နေ့ကစပြီး ယနေ့အချိန်အထိ (၂)နှစ်ကျော်ကာလအတွင်း KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းပေါင်း (၁၇)ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ KNU ရဲ့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.