ပုလော၊ ဇွန်(၁၆)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်တောင်ရွာအနီးမှာ ဒေသခံပြည်သူနှစ်ဦး မြေမြှုပ် မိုင်းနင်းမိတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ နေ့လည်ပိုင်းက ပလမြို့၊ အမှတ် ၃ ရပ်ကွက်နေ အသက် ၄၆ နှစ်အရွယ် ဦးဖိုးလူနဲ့ အသက် ၂၆ နှစ်အရွယ် ကိုအောင်ဇော်လတ်တို့ဟာ မင်းပြင်ကျေးရွာအနီးရှိ တောထဲမှာသစ်ချသီးသွားကောက်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် ကိုအောင်ဇော်လတ်ဟာ အခင်းဖြစ်ရာမှာပဲ သေဆုံးခဲ့ပြီး ဦးဖိုးလူဟာ မျက်လုံး၊ ခန္ဓာကိုယ်တွေမှာ မိုင်းစထိဒဏ်ရာ ရရှိခဲ့တဲ့အတွက် ပလဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ ဒီမြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ထောင်ထားတဲ့မိုင်းဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့ကလည်း ပလမြို့၊ ရဲစခန်းအနောက်ဘက်ခြမ်းက လယ်ကွင်းထဲကို လယ်လုပ်ဖို့သွားတဲ့ ဒေသခံအမျိုသား ၁ ဦး မိုင်းထိပြီး ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့သေးတာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်မှာ စစ်တပ်အာဏသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဟာ မြေမြှုပ်မိုင်းအသုံးပြုမှုတွေကို ပိုမိုလုပ်ဆောင်လာသလို တပ်ရင်း၊ တပ်စခန်းအနီးပတ်ဝန်းကျင်မှာလည်း မြေမြှုပ်မိုင်းထောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.