မြဝတီ၊ ဇွန်(၁၄)

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်ဘက်ကို ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ ရွှေကုက္ကိုလ်မြို့သစ်ထဲမှာရှိတဲ့ တရုတ်လူမျိုးတွေနဲ့ ငွေကြေးတတ်နိုင်သူလုပ်ငန်းရှင်တွေက မီးစက်ဝယ်ယူအသုံးပြုမှု ပိုမိုများပြားလာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

တရားမဝင်လောင်းကစားမြို့တော်လို့ နာမည်ကြီးနေပြီး ကရင်နယ်ခြားစောင့်တပ် BGF အပြည့်အ၀ ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ(၅)ရက်နေ့ ည(၁၂)နာရီအချိန်ကစလို့ ထိုင်းဘက်ခြမ်းက လျှပ်စစ်ဓာတ်အားပေးပို့မှု ရပ်ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်ထဲမှာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓာတ်အားကို အဓိကအားထား ဝယ်ယူအသုံးပြုနေရတာဖြစ်ပြီး သတင်းတွေအရ စစ်ကောင်စီဘက်က ထိုင်းအစိုးရဘက်ကို ဖိအားပေးပိတ်ပင်ခိုင်းထားတာ ဖြစ်တဲ့အတွက် ထိုင်းကရွှေကုက္ကိုမြို့သစ်အပါအဝင် မြဝတီမြို့နယ် မဲထော်သလေးနားက ကာစီနိုနေရာ(၂)နေရာကိုပါ ပိတ်ပင်လိုက်တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်မှုကြောင့် ရွှေကုက္ကိုလ်မြို့သစ်ထဲရှိ တရုတ်လူမျိုးတွေနေ ထိုင်တဲ့ဘက်ခြမ်းတွေမှာ မီးပြတ်တောက်ခဲ့ပြီး မြဝတီ-ကျောက်ဖျာဘက်ဆက်သွယ်ထားတဲ့ ထိုင်းမီးလိုင်းကတော့ မီးမပျက်ဘူးလို့ ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ပြောပါတယ်။

ထိုင်းက လျှပ်စစ်မီးကို အခုလိုဖြတ်တောက်ထားလိုက်တဲ့အတွက် ရွှေကုက္ကိုလ်မြို့သစ်အတွင်းရှိ တရုတ်လူမျိုးတွေနဲ့ ငွေကြေးတတ်နိုင်သူတွေက မီးစက်တွေဝယ်ယူအသုံးပြုနိုင်ခဲ့ပေမယ့် အသေးစားစီးပွားရေးလုပ်ငန်း (တနိုင်တပိုင်လုပ်ငန်း)တွေ၊ ဒေသခံရွာသားတွေ၊ ငွေကြေးမတတ်နိုင်သူတွေက တော့ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ခက်ခဲမှုပြဿနာတွေ ပိုမိုရင်ဆိုင်လာခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်မှာ ထိုင်းကလျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားလိုက်တာကြောင့် မီးမလာတာ (၁)ပတ်ကျော် ကြာလာပြီဖြစ်ပြီး အဲဒီအတွက် ရွှေကုက္ကိုလက်ဘက်က တာဝန်ရှိသူတွေ(BGF အာဏာ ပိုင်)တွေက လျှပ်စစ်ဓာတ်အားပြန်လည်ရရှိဖို့အတွက် ထိုင်းဘက်က အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ရွှေကုက္ကိုလ်သတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် တဖက်မှာလည်း ရွှေကုက္ကိုလ်မြို့သစ်ထဲမှာ လျှပ်စစ်မီးကြိုးတွေ လဲလှယ်တာတွေ တွေ့နေရပြီး မီးကြိုးတွေလဲလှယ်လိုက်တာဟာ မြန်မာဘက်က လျှပ်စစ်ဓာတ်အားလိုင်းကို ပြန်လည်အသုံးပြုတပ်ဆင်သွားမှာဖြစ်နိုင်သလို ကိုယ်ပိုင်မီးစက်အကြီးစားတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားတွေကို ဖြန့်ဝေအသုံးပြုသွားမှာလည်း ဖြစ်နိုင်တယ်လို့ ရွှေကုက္ကိုလ်သတင်းရင်းမြစ်တွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.