ကော့ကရိတ်၊ ဇွန်(၇)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ခုဒုံကျေးရွာအုပ်စု ဆံဖလား ကျေးရွာကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒူးပလာ ယာခရိုင် သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ ဆံဖလားကျေးရွာထဲကို ဇွန် ၆ ရက်နေ့ မနက် ၂ နာရီအချိန်လောက်မှာ စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကနေ လေယာဉ်နဲ့ လာရောက်ပြီး ကလပ်စတာဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆံဖလားကျေးရွာက မူလတန်းစာသင်ကျောင်းဝင်းထဲ ဗုံး (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်ပြတင်းပေါက်၊ တံခါးပေါက်၊ ခေါင်မိုး၊ ဘေးနံရံ၊ မျက်နှာကျက်၊ ကျောက်သင်ပုန်း၊ ကျောင်းတိုင်၊ သောက်ရေအိုးနဲ့ ကျောင်းမှာ တပ်ဆင်ထားတဲ့ ပန် ကာတွေ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စာသင်ကျောင်းအနောက်ဘက်ရှိ လယ်ကွင်းထဲမှာ ဗုံး(၁၀)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စိုက် ခင်းကြားမှာလည်း ဗုံး(၁)လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံရွာသားတွေရဲ့ နေအိမ် (၄)လုံးနဲ့ ခြံစိုက် သီးပင်တချို့ ဗုံးစထိမှန်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူအပေါ် တမင်ရည်ရွယ်ပစ်မှတ်ထားပြီး ကော့ကရိတ်မြို့နယ် ဆံဖလားကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိပေမယ့် စာသင်ကျောင်းထိမှန်ပျက်စီးသွားတဲ့အတွက် ကျောင်းသူကျောင်းသားတွေ ကျောင်းဆက်မတက်ရဲတော့ဘဲ ကျောင်းပိတ်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူလူထုတွေ သွားလာအသုံးပြုနေတဲ့ လမ်းပိုင်းတွေကို သွားလာလို့မရအောင် စက်ယန္တရားတွေနဲ့ တူးဖော်ဖြိုချဖျက်ဆီးတာတွေ လုပ်ဆောင်နေသလို လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲ ရမ်းသမ်းပစ်ခတ်တာ လေယာဉ်တွေနဲ့ ဗုံးကြဲတာ ထောက်လှမ်းတာတွေ မကြာခဏ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.