ကျောက်ဖြူ – မေ(၁၁)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တောင်-အနောက်ဘက် ရေမိုင် (၅၈၀) ကျော်မှာ ဖြစ်ပေါ်နေတဲ့ MOCHA ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ(၁၄) ရက်နေ့မှာ စစ်တွေမြို့ အနီးကုန်းတွင်းပိုင်းက ဝင်ရောက်ကာ (၁) နာရီကိုလေတိုက်နှုန်း မိုင်(၁၀၀) ကျော်နဲ့ ဝင်ရောက်လာဖွယ်ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA ကထုတ်ပြန် ထားပါတယ်။

ပင်လယ်ကမ်းရိုးတန်းဒေသတွေ၊ မြစ်ချောင်းတွေနဲ့ နီးစပ်တဲ့ ကျောက်ဖြူမြို့နယ်မှာ ရေလွှမ်းမိုးမှုဒဏ် ခံလာရနိုင်တဲ့ နေရာတွေအဖြစ် မုန်တိုင်းဒဏ်ခံရလေ့ရှိတဲ့ မရဇိုင်းတိုက်နယ်၊ မြို့ချောင်းတိုက်နယ်၊ ဇင်ချောင်းတိုက်နယ် တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကမ်းရိုးတန်းအနီးကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့ အရေးကြီးစာရွက်စာတမ်းတွေ၊ ပစ္စည်းတွေကို မိုးရေလုံတဲ့ ပလတ်စတစ်အိတ်တွေနဲ့ သိမ်းဆည်း ထုပ်ပိုး ထားကြဖို့၊ မုန်တိုင်းဒဏ်ခံနိုင်ပြီး ရေမတက်နိုင်တဲ့ အဆောက်အအုံတွေ၊ နီးစပ်ရာကုန်မြင့်ဒေသ တွေနဲ့ ခိုလှုံဖို့ သတ်မှတ်ထားတဲ့ နေရာတွေကို စောစီးစွာ ရွှေ့ပြောင်းထားကြဖို့ ရက္ခိုင့်တပ်တော်AA က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကျွဲ၊နွား၊ဝက် စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းထားကြဖို့နဲ့ အသက်မွေးဝမ်းကျောင်းအတွက် မှီခိုအားထားရတဲ့ ပစ္စည်းတွေကိုလည်း ရေတက်လာချိန်မှာ ရေနဲ့ မျောမပါသွားအောင် လုံခြုံစိတ်ချရတဲ့ နေရာတွေကို ရွှေ့ပြောင်းထားကြဖို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.