ရန်ကုန် – မေ(၉)
မြန်မာနိုင်ငံမှာအာဆီယံအရာရှိတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေချိန် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ရှုတ်ချထား ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အနေနဲ့ တိုက်ခိုက် တာတွေမရှိဘူးလို့ဆိုထားပြီး ရှမ်းပြည်နယ်တောင်ကြီးခရိုင်အတွင်း တိုက်ခိုက်မှုဖြစ်ပွားတဲ့ နေရာ အခြေစိုက် PDF တွေကလည်း ဒီကစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ထားတာမရှိသေးပါဘူး။
လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့်(၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဝီဒိုဒိုက အကြမ်းဖက်မှုတွေကို အဆုံးသတ်ကြဖို့ လိုအပ်တယ်လို့ တောင်းဆိုခဲ့ပါတယ်။
“ကျွန်နော်အလေးပေးပြောကြားချင်တာကတော့ တိုက်ခိုက်မှုဟာ အာဆီယံနဲ့ အင်ဒိုနီးရှားတို့ရဲ့ ဆုံးဖြတ်ချက်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး၊ အကြမ်းဖက်မှုကို ရပ်တန့်ဖို့ နောက်တစ်ကြိမ် တောင်းဆိုတာ ဖြစ်ပါတယ်၊ အင်အားသုံးတာကို ရပ်လိုက်ပါ၊ နိုင်ငံသားတွေကသာ ခံရသူ ဖြစ်လာပြီး ဒီလိုမျိုးနဲ့ အောင်ပွဲတွေ ပေါ်ထွက်လာမှာ မဟုတ်ပါဘူး” လို့ သူက ပြောခဲ့ပါတယ်။
ဒါ့ပြင် ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အားလုံးအတူတကွ အဖြေရှာဖို့ နဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ သူက တိုက်တွန်းခဲ့ပါသေးတယ်။
လက်ရှိအာဆီယံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အကျပ်အတည်း အတွက် အောင်မြင်မှုရရှိဖို့ တိတ်တိတ်ဆိတ်ဆိတ် ကြိုးပမ်းဆောင်ရွက်နေသလို သံတမန်တွေ အနေနဲ့လည်း ပါဝင်ပတ်သက်နေတဲ့ ပါတီအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုပေါင်း (၆၀) ကျော်ပြုလုပ် ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောထားပါတယ်။
Ref:CNA