လောင်းလုံး၊ မေ(၂)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာ ဘုန်းကြီးကျောင်းမှာ အလှူလာလုပ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရပြီးနောက် ဘုန်းကြီး ၄ ပါးအပါအဝင် ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က ပဉ္စသီမော်ကျေးရွာ ဘုန်းကြီးကျောင်းမှာ အလှူလာလုပ်တဲ့ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ယာဉ်မောင်းတစ်ဦးဖြစ်တဲ့ကိုမင်းဝါကို သေနတ်သမားတွေက ဘုန်းကြီးကျောင်းထဲ ဝင်ရောက်ပစ်သတ်သွားတာပါ။

ထွေအုပ်ဝန်ထမ်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျောင်းရှိဘုန်းကြီး ၄ ပါးကို စစ်ဆေးဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မေ ၁ ရက်နေ့မှာ လောင်းလုံးရဲစခန်းကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပြန်လွှတ်ပေးလိုက်တဲ့ ဘုန်းကြီး ၄ ပါးကို သွားကြိုတဲ့ ဒေသခံအမျိုးသား ၂ ဦးကိုတော့ စစ်ကောင်စီက ထပ်မံဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ဘုန်းကြီးကိုတော့ စစ်ကောင်စီဘက်က ရိုက်နက်တာတွေမရှိပေမယ့် ပစ်ခတ်မှုဖြစ်စဉ် အသေးစိတ်ကို မေးမြန်းတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ထွေအုပ်ဝန်ထမ်း ကိုမင်းဝါဟာ စစ်ကောင်စီစစ်ကြောင်းတွေ သွားလာရာမှာ ကားလိုက်မောင်းပို့ပေးပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ နေရာကို လိုက်ပြပေးနေတဲ့ ပျူစောထီးတစ်ဦး ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ထားဝယ်ဒေသကာကွယ်ရေးအဖွဲ့(DDT) က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MPA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.