ပေကျင်း – ဧပြီ(၁၄) 

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကြောင့် ဂျပန်က ခေတ္တရှောင်တိမ်းဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေဟာ အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှု အကျိုးဆက်တွေကြောင့် ဖြစ်တယ်လို့ တရုတ်က စွပ်စွဲပြစ်တင်ခဲ့ပါတယ်။ 

ပြုံယမ်းဟာ တာလတ်ပစ် ထက်ပိုဝေးတဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်တွေ့ရှိခဲ့ပြီး အဲဒီဒုံးကျည်ဟာ အဆင့်မြင့်လောင်စာဆီသုံး အမျိုးအစားဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ဆိုထားပါတယ်။ 

ဂျပန်က ဟော့ကိုင်းဒိုးမြောက်ပိုင်းဒေသမှာရှိတဲ့ ပြည်သူတွေကို ခေတ္တရှောင်တိမ်းဖို့ သတိပေး ချက်ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီဒုံးကျည်ဟာ နိုင်ငံပိုင်နက်အတွင်းကျရောက်ခဲ့တာ မရှိသလို ခြိမ်းခြောက်မှုလည်း မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ 

“ကျွန်းဆွယ်ရှိ လက်ရှိတင်းမာမှုတွေက အကြောင်းအရင်းတွေရှိပါတယ်၊ အမေရိကန်စစ်ရေး လေ့ကျင့်မှုရဲ့ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေနဲ့ ကျွန်းဆွယ်တစ်ဝိုက်က  ဗျူဟာ မြောက်လက်နက်တွေဖြန့်ကျက်ထားမှုတွေကြောင့်ဆိုတာ အားလုံးသိသာထင်ရှားပါတယ်” လို့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ပြောခဲ့ပါတယ်။ 

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မကြာသေးခင်က ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုကို တိုးမြှင့်ခဲ့ပြီး အဆင့်မြင့် ကိုယ်ပျောက်ဂျက်လေယာဉ်တွေနဲ့ အမေရိကန်ရဲ့ ထင်ရှားတဲ့ မဟာဗျူဟာမြောက် လက်နက်တွေကိုအသုံးပြုပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

ဒီစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက သူတို့ကို ကျူးကျော်ဖို့ အစမ်းလေ့ကျင့် မှုအဖြစ်ရှုမြင်ထားသလို အလုံးစုံစစ်ပွဲ အသွင်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။ 

အမေရိကန်ကတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောခဲ့သလို ပြုံယမ်းအနေနဲ့ ဒီနှစ်အတွင်း သူတို့ရဲ့ အားအပြင်းဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံး အများအပြားကို ပစ်ခတ်ခဲ့ပြီးတဲ့အထဲမှာ တားမြစ်လက်နက်စမ်းသပ်မှု အများအပြားရှိခဲ့တယ် လို့ ဆိုထားပါတယ်။ 

“အထူးသဖြင့် အမေရိကန်ဘက်မှ အစောပိုင်းရက်စွဲဖြင့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သင့်ပြီး မြောက်ကိုရီးယား၏ ကျိုးကြောင်းဆီလျော်မှုရှိတဲ့ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်သင့်ပြီး တင်းမာမှု ဖြေလျှော့ရန်နှင့် ဆွေးနွေးပွဲများ အမြန်ဆုံး ပြန်လည်စတင်ရန်အတွက် အခြေအနေများ ဖန်တီးသင့်သည်” လို့ ဝမ်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် တရုတ်အနေနဲ့ အားလုံးကို တည်ငြိမ်ပြီး ချုပ်တည်းထားဖို့နဲ့ ဖိအားတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုတယ်လို့ သူက ပြောပါသေးတယ်။  

G-7 ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးတွေဟာ ဟော့ကိုင်းဒိုးရဲ့ ဒေသဆိုင်ရာ မြို့တော် ဆပ်ပိုရိုမှာ တွေ့ဆုံဖို့ စီစဉ်ထားကြပြီး အဲဒီအဖွဲ့ဟာ ဟီရိုရှီးမားမှာ ထိပ်သီးအစည်းအဝေး မကျင်း ပမီ တစ်လအလိုမှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.