မော်လမြိုင် – ဧပြီ(၁၁)
သင်္ကြန်နှစ်သစ်ကူးကာလ မှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို အချိန်ကိုက်လုပ်ဆောင်ပြီး တော်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားဖို့ လိုတယ်လို့ NUG ယာယီသမ္မတ ကပြောပါတယ်။
ဒီနေ့ ဧပြီလ(၁၁) ရက်နေ့မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၁၄) ကြိမ်မြောက် အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။
“မကြာခင်မှာပဲ မြန်မာတွေရဲ့ နှစ်သစ်ကူးပြောင်းကာလတခုဖြစ်တဲ့ သင်္ကြန်အချိန်ဟာလည်း ရောက်လာတော့မှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဒီလို အခါကြီး၊ ရက်ကြီး အချိန်မျိုးတွေမှာ အကြမ်းဖက်လုပ်ရပ်တွေကို အချိန်ကိုက် လုပ်ဆောင်ပြီး၊ တောင်လှန်ရေး အင်အားစုတွေကို အထင် အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီး ထားကြဖို့လိုပါတယ်” လို့ NUG ယာယီသမ္မတက ပြောခဲ့ပါတယ်။
ဒါ့အပြင် အတင်းအကျပ်လုယူထားတဲ့ အာဏာကို မထိန်းသိမ်းနိုင်တဲ့ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ အရှုံးကို တုံ့ပြန်ဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ ထဲမှာ အဆိုးဆုံးက ပြည်သူနဲ့ ပြည်သူ့ ဘက်တော်သားတွေကြားမှာ အထင်အမြင်လွဲမှားမှုတွေရအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောပါသေးတယ်။
ပြည်သူတွေဟာ ကိုယ့်နိုင်ငံထဲမှာပဲ စစ်ကောင်စီရဲ့ ဖိနှိပ်သတ်ဖြတ်ခံနေရတာတွေကို တားဆီးနိုင်ဖို့ တော်လှန်ရေးကို အဆုံးသတ်ဖို့ အရေးကြီးသလို လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ အကာအကွယ်တွေ အမြန်ဆုံးရဖို့လည်း လိုအပ်တာကြောင့် နိုင်ငံတကာ ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် သက်သေ အထောက်အထားတွေရဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
အစိုးရအဖွဲ့တွေအနေနဲ့ စစ်ခေါင်းဆောင်နဲ့ နောက်လိုက်အပေါင်းအပါတွေကို အကြမ်းဖက် အဖွဲ့တွေ အဖြစ် ထိထိရောက်ရောက်စွဲချက်တင် အရေးယူနိုင်ဖို့ ကိစ္စရပ်တွေကိုလည်း စနစ်တကျဆွေးနွေး အဖြေရှာဖို့ အတွက် ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းအပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG