ကန့်ဘလူ – ဧပြီ(၁၁)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ပ.က.ဖ ရုံးဖွင့်ပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဖွင့်ပွဲတက်ရောက်လာသူ (၁၀၀) ကျော် အသေအပျောက်ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဧပြီလ(၁၁) ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီရဲ့ Jet Fighter ၊ Mi 35 အမျိုးအစား တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာပါ။

“အနောက်အရပ်ကနေ ပျံသန်းလာတဲ့ Jet Fighter က အရင်ပစ်တာ။သူပစ်ပြီးတော့ သုံးမိနစ်လောက် ပဲ ခြားတယ် Mi 35 ရောက်လာပြီးတော့ တစ်ရွာလုံးကို မိနစ်နှစ်ဆယ်လောက်ပတ်ပစ်သွားတာ။ ကျွန်တော်တို့အခုကယ်ဆယ်ရေးလုပ်နေတယ်။အလောင်းတွေထပ်ပြီးတော့ အရေးပေါ်သဂြိုလ်ရတာ ပေါ့။ တချို့တွေက တပိုင်းတစတွေနဲ့ မီးခိုးတလူလူ ညှော်နံ့တွေနဲ့” လို့ မြေပြင်ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးဖြစ်တဲ့ ကိုကျော်ဝဏ္ဏက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလေယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ချိန်ဟာ ရပ်ရွာလူကြီးတွေနဲ့ ပြည်သူ အများစု စုဝေးနေချိန်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လုံခြုံရေး ယူထားတဲ့နေရာနဲ့ အလှမ်း ဝေးတာကြောင့် ထိခိုက်သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ် ပ.က.ဖ ရုံးအဆောက်အအဦး ဆောက်လုပ်ပြီးတာ တစ်ပတ်လောက်ပဲ ရှိသေးပြီး ဖွင့်ပွဲမှာ အကျွေးအမွေးပါတဲ့အတွက် မိဘတွေနဲ့အတူ ကလေးငယ်တွေပါလာကာ လက်တလော အလောင်းကောက်ချိန်မှာပဲ (၁၀၀) ကျော်လောက်ရှိနေပြီး နောက်ထပ် ပျောက်ဆုံးတာတွေရှိနေသေး သလို စစ်ကောင်စီလေယာဉ်ထပ်တက်လာတဲ့ သတင်းတွေကြောင့် ကယ်ဆယ်ရေးတွေ ရပ်နားထားရတယ်လို့ ကိုကျော်ဝဏ္ဏက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပဇီးကြီး ကျေးရွာတိုက်ခိုက်မှုကို တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မုံရွာ(န.မ.ခ) ကတက်လာတဲ့ Mi-35 တို့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြေပြင်အချက်အလက်တွေအရ သိရပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုဟာ စစ်ကောင်စီ မလယ်ကျေးရွာစခန်းနဲ့ (၅) မိုင်ဝန်းကျင် ဝေးကွာပြီး အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းပေးဒလန်ကြောင့်လား စစ်ကောင်စီရဲ့ သတင်းထောက်လှမ်းမှု အားကောင်းတဲ့အတွက်လားဆိုတာ စုံစမ်းနေတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

လက်တလောမှာတော့ ပြည်သူတွေအခုလို အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်တာတွေရှိနေသလို NUG အစိုးရကိုလည်း မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု နဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေကြောင့် ပြည်သူ (၇၀၀) ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.