တနင်္သာရီ၊ ဧပြီ(၁)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ကျေးရွာ တနင်္သာရီ-မောတောင်လမ်းမှာ မတ် ၃၁ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ တနင်္သာရီမြို့နယ် ပကဖတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ချောင်းနှစ်ပေါက်ကျေးရွာအတွင်း ထိုးစစ်ဆင် ဝင်ရောက်လာတာကြောင့် KNU တပ်ရင်း ၁၁၊ ကော်သူလေးအာမီ၊ တနင်္သာရီ ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ဒဏ်ရာရရှိထားသလို စစ်ကောင်စီဘက်က ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တနင်္သာရီမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးတာနဲ့ ပေါ်တာဆွဲတာတွေ ရှိလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့လည်း ဘေးလွတ်ရာနေရာကို တိမ်းရှောင်ပေးကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာပေးဖို့ တိုက်တွန်းတာပါ။

လတ်တလောမှာတော့ နှစ်ဖက်တိုက်ပွဲကြောင့် ချောင်းနှစ်ပေါက်နဲ့ သိန်းခွန်ကျေးရွာက ဒေသခံတွေ ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအစာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ကလည်း ချောင်းနှစ်ပေါက်ကျေးရွာ တနင်္သာရီ-မောတောင်လမ်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တနင်္သာရီမြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.