ကျိုက်ထို၊ မတ်(၁၈)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ် မှုကြောင့် ရော်ဘာခြံလုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီကနေ သိရပါတယ်။

မတ် ၁၆ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သုသာန်အနီး တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုပြီးနောက် အဲဒီနေ့ ည ၈ နာရီလောက်မှာ စစ်ကောင်စီသိမ်ဇရပ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၂၀၇ နဲ့ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၀ အမြောက်တပ်ကနေ ဇီးပြောင်းကျေးရွာထဲ လက်နက်ကြီး ၅ ချက်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဇီးပြောင်းကျေးရွာ ရော်ဘာခြံထဲကျရောက် ပေါက်ကွဲခဲ့တာကြောင့် ခြံလုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ် ကွပ်ကွဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ပံပင်သုသာန်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

တပ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သုသာန်အနီးမှာ စစ်ကောင်စီ ယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကတုတ်ကျင်းတွေတူးပြီး ဘန်ကာတွေတည်ဆောက်ကာ တပ်စွဲနေထိုင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.