နေပြည်တော်၊ မတ်(၁၆)
စစ်ကောင်စီ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီ ၂၃ ပါတီအထိရှိလာပြီလို့ မတ် ၁၅ ရက်နေ့ ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုတဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီတို့က မတ် ၁၄ ရက်နေ့မှာ မှတ်ပုံတင်လျှောက်ထားတယ်လို့ စစ်ကောင်စီ UEC က ဆိုပါတယ်။
ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် စတင်လျှောက်ထားလို့ရတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၁၄ ရက်နေ့အထိ ပြည်ထောင်စုတဝန်းလုံးစည်းရုံးမယ့် ၅ ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခု အတွင်းမှာသာ စည်းရုံးမယ့် ၁၈ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားထားပါတယ်။
ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမယ့် ၅ ပါတီ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊ ရှမ်းနဲ့ တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ၊ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ပြည်ထောင်စုဒီမိုကရက်တစ်ပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ ပါဝင်ပါတယ်။
ကျန်တဲ့ ၁၈ ပါတီထဲက တိုင်းရင်းသားနိုင်ငံရေးပါတီတွေကတော့ မိမိတို့ လူမျိုးစုတွေအများဆုံးနေထိုင်ကြတဲ့ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ စည်းရုံးသွားကြမယ့် သဘောရှိနေပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး စစ်ကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်နှစ်ဦး စေလွှတ်ထားတဲ့ မွန်ညီ ညွတ်ရေးပါတီကလည်း ပါတီတည်ထောင်လိုသူတွေ နေပြည်တော်သို့ ရောက်ရှိနေပြီး ဒီရက်ပိုင်းအတွင်း ပြည်နယ်အဆင့် မှတ်ပုံတင်ဖို့ ရှိနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်ဟောင်း၊ ပြည်သူ့ရှေ့ဆောင်ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခဲ့တဲ့ ဦးကျော်ဇေယျကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးပါတီအမည်နဲ့ မနက်ဖြန် (မတ် ၁၆ ရက်နေ့မှာ) မှတ်ပုံတင်မယ်လို့ မတ် ၁၅ ရက်နေ့က သူ့ရဲ့ Facebook အကောင့်ကနေ ရေးသားထားပါတယ်။
မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတဲ့ ပါတီတွေကိုတော့ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နည်းဥပဒေထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ် ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်တယ်လို့ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- အဟောင်းဖြစ်သည်။