ပေကျင်း – မတ်(၁၄)
တရုတ်သမ္မတ ရှီကျင်းဖျင်က သမိုင်းဝင် သမ္မတ သက်တမ်းတတိယအကြိမ် အဖြစ် အပ်နှင်းခံရ ပြီးနောက် ပထမဆုံးမိန့်ခွန်းမှာ နိုင်ငံတော်လုံခြုံရေးကို ခိုင်မာအောင်ပြုလုပ်ဖို့လိုအပ်တယ်လို့ အလေးပေးပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကို ဦးဆောင်ဖို့ တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်ကို ရွေးချယ်ခဲ့ကြပြီး တရုတ်ရဲ့ မျိုးဆက်တွေထဲမှာ ဩဇာအကြီးဆုံး ခေါင်းဆောင် ဖြစ်လာခဲ့တာပါ။
အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) တရုတ်ပါလီမန်က ရှီကျင့်ဖျင်ရဲ့ အဓိကနီးစပ်တဲ့ မဟာမိတ် ဖြစ်တဲ့ လီကွမ်းကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အသက်(၆၉) နှစ်ရှိပြီဖြစ်တဲ့ ရှီဟာ ဘေဂျင်မြို့ ပြည်သူ့ခန်းမဆောင်မှာ ထောင်နဲ့ချီတဲ့ ကိုယ်စာလှယ်တွေကို ကျေးဇူးတင်စကားပြောဆိုခဲ့ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို သူ့ရဲ့ တာဝန်အဖြစ်ခံယူကာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို စံနှုန်းအဖြစ် ခံယူမယ်လို့ ကတိပြုထား ပါတယ်။
“ပြည်သူတွေရဲ့ယုံကြည်မှုက ကျွန်တော့်ကို ရှေ့ကိုတွန်းပို့တဲ့ အကြီးမားဆုံးသော တွန်းအားဖြစ်ပြီး ကျွန်တော့်ပခုံးပေါ်တင်ထားတဲ့ လေးနက်တဲ့တာဝန်လည်း ဖြစ်ပါတယ်” လို့ သမ္မတ ရှိကျင့်ဖျင်က ပြောခဲ့ပါတယ်။
ဒါ့အပြင် လုံခြုံရေးဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး တည်ငြိမ်မှုဟာ သာယာဝ ပြောရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်တယ်လို့ သူကပြောပါသေးတယ်။
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ထိထိ ရောက်ရောက်ကာကွယ်ပေးတဲ့ သံမဏိတံတိုင်းကြီးအဖြစ် နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ခေတ်မီရေးကို အလုံးစုံမြှင့်တင်ရမယ်လို့ ဆိုထားပါတယ်။
သမ္မတရှီဟာ မငြိမ်မသက်ဖြစ်ခဲ့တဲ့ ဟောင်ကောင်ကို တည်ငြိမ်စွာ တစ်စုတစည်းထဲ ဖြစ်ဖို့နဲ့ တရုတ်ပိုင်နယ်မြေအဖြစ်သတ်မှတ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းနဲ့ ပေါင်းစည်း ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
“ကြီးကျယ်ခမ်းနားတဲ့ အားသစ်လောင်းမယ့် တရုတ်ပြည်ဟာ နောက်ပြန်မဆုတ်နိုင်တဲ့ သမိုင်းဝင်ဖြစ်စဉ်တစ်ခုထဲကို ရောက်နေပါပြီ။” လို့ ရှီက ကတိပြုပြောဆိုခဲ့ပါတယ်။
Ref: CNA