နိုင်ငံအာဏာကို စစ်တပ်ကအဓမ္မသိမ်းအပြီး ပြည်သူ့ကျွေးတဲ့ထမင်းကိုစားနေတဲ့စစ်ကောင်စီတပ်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူကို “သေရဲတဲ့ကောင် ထွက်ခဲ့” လို့ စိန်ခေါ်လိုက်သံဟာ ခန္တာကိုယ် နွဲ့နွဲနှောင်းနှောင်း နူးနူးညံ့ညံ့နဲ့ အမြဲတစေနေလာခဲ့တဲ့ အတာ့ရဲ့နှလုံးသားကို မာကြောစေခဲ့ပါတယ်။

စစ်တပ် အာဏာမသိမ်းခင်ကာလက ရန်ကုန်မှာ မနက်မိုးလင်းပြီဆိုတာနဲ့ မိတ်ကပ်လေးပြင် အလှပြင်ကျော့ကျော့

ကော့ကော့လေးနဲ့ ရိုက်ကွင်းသွားလိုက် သတင်းလေးရိုက်လိုက်နဲ့ ခဏနေအပြင်မှာ ဘယ်ပွဲကဖိတ်လို့ သွားလိုက်။ Presenter သွားလုပ်လိုက်နဲ့ အတာတစ်ယောက် ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့တာပါ။

အတာဟာ တချိန်က NGO မှာ လူ့အခွင့်အရေးနဲ့ LGBTအရေးလည်း လုပ်ခဲ့ပါတယ်။ LGBT မဂ္ဂဇင်းတစ်ခုမှာ ဆောင်းပါးတွေ၊ သတင်းတွေလည်း ရေးသားခဲ့ပါတယ်။ နောက်တော့ ရုပ်သံထုတ်လွှင့်တဲ့ဌာနတစ်ခုမှာ အနုပညာ အစီအစဉ်တွေကို  တင်ဆက်သူတစ်ယောက်အဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

“ ဒီပရိုဂရမ်မှာ ပါဝင်ခွင့်ရဖို့က ယောကျ်ားတွေ မိန်းခလေးတွေစုစုပေါင်း၇ယောက်ကို သင်တန်းတွေပေးပြီး အားလုံးထဲမှာပဲ ကျွန်မကိုရွေးလိုက်တာ။ မီဒီယာကြီးတစ်ခုမှာ Programမှာ တင်ဆက်သူလုပ်ဖို့ အလုပ်ခန့်ခံရတယ် ပထမဆုံးပွဲထုတ်မယ့် ပရိုဂရမ်တစ်ခုပေါ့” လို့ အတာက ပြောပါတယ်။

အလုပ်ဝင်မယ့် ပထမဆုံးနေ့မှာ အဝတ်အစားတွေပြင် မိတ်ကပ်တွေပြင်ထားပြီး မီနီစကပ်နဲ့ ဒေါက်ဖိနပ်လေးစီးပြီး ကြွကြွရွရွလေး အလုပ်ကို သွားခဲ့ပါတယ်။ ဒါပေမယ့် “ပရိုဂရမ်စရိုက်မယ့် ရက်က ၂၀၂၁ ဖေဖော်ဝါရီ(၁)ရက်နေ့ ပေါ့။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ကျွန်မအလုပ်သွားဆင်းတဲ့ မီဒီယာဌာနရုံးကြီးမှာလည်း လူကတယောက်မှမရှိတော့ဘူး ဒီပရိုဂရမ်ကဆက်ရိုက်မလား ရိုက်မလားမသိ ဖြစ်ခဲ့ရတယ်” လို့ အတာက ပြန်ပြောင်း ပြောပြပါတယ်။

ဒါဟာ အတာ့အတွက် အလုပ်ဝင်မယ့် ပထမဆုံးနေ့ဖြစ်သလို တော်လှန်ရေးခရီးကြမ်းအတွက် ပထမဆုံးခြေလှမ်းလှမ်းခဲ့ရတဲ့ နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ်။

တော်လှန်ရေး ခရီးကြမ်းစတင်ခြင်း

မဲစာရင်းမှားယွင်းတယ်လို့ အကြောင်းပြပြီး နိုင်ငံအာဏာကို သေနတ်ထောက် လုယူခဲ့တဲ့ စစ်ကောင်စီကို လက်မခံကြောင်းပြသဖို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၊ မတ်လ နွေနေပူပူမှာ ကျောင်းသားလူငယ်တွေ၊ အရာထမ်းအမှုထမ်းတွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေ စတဲ့ အလွှာစုံက ပြည်သူတွေ လမ်းပေါ်ထွက်လာဆန္ဒပြချိန်မှာ အတာတို့လို လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBT တွေလည်း ဒီမတရားမှုကို လက်မခံနိုင်ကြောင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

လက်နက်မဲ့ပြည်သူကို စစ်တပ်ဩဇာခံတွေက လက်နက်အားကိုးနဲ့ ပစ်ခတ်သတ်ဖြတ်လာခဲ့ပါတယ်။ သေနတ်တွေနဲ့ ပစ်သတ်ချိန်မှာ လူငယ်ကောင်လေးတယောက်ဟာ သေနတ်မှန်ပြီး ပါးကြီးပွင့်ကျတာမျိုး ခေါင်းကိုထိတာ သပိတ်စစ်ကြောင်းထဲမှာ ဖမ်းဆီးခံရသူတွေ မြင်ကွင်းမျိုးတွေက လမ်းပေါ်ထွက် ဆန္ဒပြရုံနဲ့ မလုံလောက်တော့ဘူးဆိုတာ အတာ သိလာခဲ့ပါတယ်။

“ကျွန်မတို့ဆန္ဒပြတာနဲ့ တိုက်ထုတ်မရနိုင်တာကို သိလာတဲ့အချိန်မှာ ၂၀၂၁ခု မတ်လထဲမှာ (ကချင်ပြည်နယ်) မြောက်ပိုင်းတိုင်းမှာ သွားပြီးတော့ ပထမဆုံး PDFသင်တန်းမှာသွားပြီး အခြေခံစစ်ပညာကို ကျွန်မ သင်ကြားခဲ့တယ် ။ကျွန်မတို့ PDFသင်တန်းတက်တာ အစောဆုံးပဲ။ ပထမဆုံး PDF စစ်သင်တန်းလို့ ပြောလို့ရတယ်။ PDF ဘဝကို ရွေးချယ်ခဲ့တယ်” လို့ အတာက ပြောပြပါတယ်။

ပြောင်းပြန် ဖြစ်သွားတဲ့ဘဝ

အခြေခံစစ်သင်တန်းကိုသွားတဲ့အခါ အတာက မိန်းမတစ်ယောက်လို ဝတ်စားဆင်ယင်တာ လို့မရတော့ပါဘူး။ ယောကျ်ားလေးလို အကုန်လုံးပြုပြင်ပြောင်းလဲပြီး မြတ်နိုးခဲ့ရတဲ့ မိန်းကလေးဝတ်စုံနေရာမှာ ယောကျ်ားလေး အဝတ်အစား အစားထိုးဝတ်ခဲ့ရပါတယ်။ ဆံပင်လည်းအတိုဖြစ်သွားခဲ့ပါတယ်။ ပြင်ဆင်ချိန်မရဘဲ ကတိုက်ကရိုက် သွားခဲ့ရတာကြောင့်လည်း အတာ့လို LGBT တစ်ယောက်အတွက် အဝတ်အစားကအစ အခက်အခဲကြုံခဲ့ရပါတယ်။

“ချိတ်ဆက်ပေးတဲ့သူတွေက လုံခြုံရေးအရ ပထမဆုံးသင်တန်းဆို‌တော့ လိုက်ချင်ရင် ဒီနေ့ဒီအချိန် ဒီနေရာကိုလာခဲ့ဆိုတော့ ငယ်သူငယ်ချင်းကောင်လေး သုံးယောက်နဲ့ သွားခဲ့ရတာ” လို့ အတာက ပြောပါတယ်။

တောထဲကစစ်သင်တန်းမှာ LGBTဆိုပြီးသတ်မှတ်ထားတာ မရှိပါဘူး။ ယောကျ်ားလေး ဘားတိုက်မှာ အတာနေခဲ့ရပါတယ်။ ရေချိုးအဝတ်အစားလဲတာကအစ စချင်နောက်ချင်ပြောင်ချင်ကြတဲ့ အကြိမ်ကြိမ်ကြုံရပါတယ်။ မိန်းကလေးတစ်ယောက်လို တစ်သက်လုံးနေလာခဲ့တဲ့ အတာ့မှာ ။သူ့မှာ ရင်သားတွေရှိတာကြောင့် ရေချိုးရာမှာလည်း အခက်အခက်တစ်ခုပါပဲ။

အတာတို့အပတ်စဉ်မှာ အမျိုးသမီးလေးယောက်သာပါဝင်ပြီး အတာကတော့ LGBT တစ်ယောက်အနေနဲ့ ပါဝင်လာတာပါ။ ရေချိုးတာကအစ အဆင်မပြေဖြစ်နေချိန်မှာ သင်တန်းအတူတက်တဲ့ အမျိုးသမီးတွေက ပြောပြကူညီပေးတာကြောင့် မိန်းခလေးတွေ အိပ်ဆောင်မှာနေခွင့်ရခဲ့ပါတယ်။

“ ကိုယ်ရဲ့ ခန္စာကိုယ်အစိတ်အပိုင်းတွေက ဆေးဝါးအကူအညီနဲ့ ရင်သားဆိုလည်း ရင်သားအလျောက် ဖွံ့ဖြိုးကြီးထွားလာတာလေ။ နောက်တစ်ခုက မိန်းမလိုနေတဲ့အတွက် မိန်းမစိတ်ပဲ သွင်းထားတယ်။ အဝတ်အစားလဲတာကအစ ရှက်တယ်ကြောက်တယ် ရေချိုးရတာဆိုလည်း တခြားလူတွေလို မဟုတ်ဘူး။ မြို့ပြမှာလည်းကြီးလာတဲ့ စရိုက်အရ ရေချိုးခန်းမရှိရင် မချိုးတတ်ဘူး”လို့ စစ်သင်တန်းတက်စဉ်က အတွေ့အကြုံကို ပြောပြပါတယ်။

အခြေခံစစ်ပညာသင်တန်း ပြီးသွားတဲ့တဲ့အခါ အတာတို့ကို မြို့ပြစစ်ဆင်ရေးအတွက် UG အဖြစ် ရွေးချယ်ခဲ့ပါတယ်။ မြို့ပြစစ်ဆင်ရေးစဖို့ မြို့တစ်မြို့ကို ရောက်ခဲ့အပြီး တစ်လလောက်အကြာမှာ လုံခြုံရေးစည်းပေါက်ပြီး အလျိုလျိုဖမ်းဆီးခံရတယ်။ ဆက်နေလို့မရတော့တာနဲ့ တောထဲကို ပြန်ထွက်လာခဲ့ရတယ်လို့ အတာက ပြောပြပါတယ်။

ရှေ့တန်းရောက် အတာ

စစ်သင်တန်းတက်အပြီး ရှေ့တန်းတစ်နေရာကို တပ်စိတ်တစိတ် သွားရောက်ဖို့ အခြားယောကျ်ားလေး PDF တွေနဲ့အတူ အတာ တာဝန်ကျပါတယ်။ ရှေ့တန်းမှာ ရောက်နေတဲ့အချိန် ညဘက်တာဝန်ကျပါတယ်။ ဒီနေရာမှာ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲအတွေ့အကြုံကို အတာက ပြန်ပြောင်း ပြောပြပါတယ်။

“ မိုးရွာထဲမှာ ညဘက်ကြီး အဲ့အကောင်တွေတက်အလာကို ကတုတ်ကျင်းထဲကနေ စောင့်နေရတာ

နောက်က စစ်ကူတွေလာတော့  တောင်ကုန်းပေါ်ကို စကစတပ်တွေ ရောက်မလာနိုင်ပဲ သူတို့ဟာသူတို့ပြန်ဆုတ်သွားတယ်” လို့ အတာက ပြောပါတယ်။

“သင်တန်းကာလမှာလည်း သေနတ်ပစ်ခဲ့ရတာ အလေ့အကျင့်ခဲ့ပေမယ့် သေနတ်သံကို မိန်းမလျာတစ်ယောက်ဖြစ်တဲ့ ကျွန်မက နဂိုတည်းက ကြောက်တာ အဲ့အသံတွေကြားတည်းက တကိုယ်လုံးကခြေဖျားတွေလက်ဖျားတွေတုန်နေပြီ” လို့လည်း သူက ဆိုပါတယ်။

ရှေ့တန်းမှာကြုံရတဲ့အတွေ့အကြုံအရ အတာကို တိုက်ခိုက်ရေးဘက်ကနေ စီမံခန့်ခွဲမှုဘက်ကို တာဝန်ရှိသူတွေကပြောင်းလဲ တာဝန်ပေးခဲ့ပါတယ်။ ပထမအဆင့်က စီမံခန့်ခွဲရေး၊ ဒုတိယအဆင့်က နည်းဗျူဟာ ၊ နောက်ဆုံးက တိုက်ခိုက်ရေးဆိုပြီး ရှိတာပါ။ ဒီနေရာမှာ လက်နက်ကိုင်ထားတဲ့ စီမံခန့်ခွဲသူ အတာဖြစ်လာပါတယ်။

“ကိုယ်ကထိပ်ဆုံးကနေ ညွှန်ကြားပေးပြီး ကူညီပေးနေရတဲ့အခါကျတော့ လက်နက်ကိုင်ထားရတယ်။ အခြေအနေတစ်ခုအရ လိုအပ်ရင်လိုအပ်သလို တာဝန်ဝင်ထမ်းပေးရတာ” လို့ အတာက ပြောပါတယ်။

အာဏာရှင်တို့ရဲ့ သရုပ်မှန်

ခေတ်အဆက်ဆက် အာဏာရှင်တွေဟာ သူတို့ကိုတော်လှန်သူတွေကို မထောက်မထား ရက်ရက်စက်စက် တုန့်ပြန်လေ့ရှိပါတယ်။ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ ဘုရားသားတော် သံဃာတွေကိုပင် ရိုက်နှက် သတ်ဖြတ်၊ ဖမ်းဆီး ထောင်သွင်းအကျဉ်းချခဲ့တာပါ။ အခု အာဏာရှင်လက်သစ် မင်းအောင်လှိုင် လက်ထက်မှာလည်း ကျောင်းသူကျောင်းသား၊ နိုင်ငံရေးသမား၊ နိုင်ငံ့ဝန်ထမ်း၊ ဘာသာရေးခေါင်းဆောင်တွေ သတင်းထာက်စတဲ့ အလွှာပေါင်းစုံက ပြည်သူပေါင်း ၃၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၁၀,၀၀၀ ကျော်ကို ထောင်သွင်း အကျဉ်းချထားပါတယ်။

ဒီအထဲမှာ အတာတို့လိုပဲ LGBT အများစုဟာ ဖမ်းဆီးထိန်းသိမ်းခံနေရသူများရှိနေသလို လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ ဒီမိုကရေစီအရေးနဲ့ စစ်ကောင်စီပြုတ်ကျရေးတို့အတွက် နွေဉီးတော်လှန်ရေးမှာ ကျရာတာဝန်ကနေ ပါဝင်နေတဲ့ LGBTတွေလည်း ရှိနေပါတယ်။  

LGBT အရေးလှုပ်ရှားသူ မစူးရှ ရှင်းသန့်ကို စစ်ကောင်စီ မန္တလေး အိုးဘိုထောင်တွင်းတရားရုံးက အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ၁၂ရက်၊ရုံးချိန်းမှာ စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် ချလိုက်တယ်လို့  လိင်စိတ်ခံယူမှုကွဲပြားသူများ သမဂ္ဂ-မန္တလေး (LGBT Union – Mandalay)အဖွဲ့က သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

၂၀၂၂၊စက်တင်ဘာလ ၂၁ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော LGBT Union – Mandalay အဖွဲ့ဥက္ကဌ ဂျက်စတင်မင်းဟိန်းနှင့်အတူ အဖွဲ့ ဝင်များနှင့်လည်း အဆက်အသွယ်ရရန်ကြိုးပမ်းနေဆဲဖြစ်ပြီး လက်ရှိတွင် ရန်ကုန် ၊ရေ ကြည် အိုင် စစ်ကြောရေးစခန်း၌ ထိန်းသိမ်းထားတယ်လို့ LGBT Union – Mandalay အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အိမ်ပြန်နိုင်ဖို့ တော်လှန်ရေးကို ဘယ်တော့မှ မစွန့်လွှတ်ဘူး

တော်လှန်ရေးကာလအလွန်မှာ ရည်မှန်းချက်ထားတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာရင် ယောကျ်ားလေးဖြစ်လို့ မိန်းခလေးဖြစ်လို့ LGBTဖြစ်လို့ ခွဲခြားဆက်ဆံမှုတွေ၊ လူဆိုတာ လူလို့ပဲ မြင်ပြီးတော့ အကုန်လုံးက တန်းတူညီမျှနဲ့ အရင်လိုပြုံးနေနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့

မတူကွဲပြားတဲ့ ဘဝနှစ်ခုကို ဖြတ်သန်းနေရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်သားလေးအတာက ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြည်သူ့နေအိမ်ပေါင်း ၅၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို နိုင်ငံအနှံ့က ပြည်သူပေါင်း သန်းနဲ့ချီလည်း စစ်ပြေးဒုက္ခသည်များဘဝ ရောက်သွားခဲ့ကြရပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံ့မှုတွေ မရှိသလောက်နည်းပါးသွားပြီး လူငယ်တွေကို အနာဂတ်မဲ့၊ ပြည်သူတွေကို အလုပ်လက်မဲ့ ဖြစ်စေခဲ့ပါတယ်။ လူ့အခွင့်အရေးရှု့ထောင့်ကနေကြည့်ရင်လည်း ကိုယ့်အိမ်ဘယ်အချိန်လာဧည့်စာရင်း စစ်မလဲလို့ စိုးရိမ်စိတ် တစ်ထိတ်ထိတ်နဲ့ နေထိုင်နေကြရပါတယ်။ ဒါဟာ အာဏာရူးတစ်စုရဲ့ လုပ်ရပ်ကြောင့် ပေါ်ပေါက်လာတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

“ ပိုပြီးဒေါသထွက် ပိုနာကျည်းတယ်။ တခြားနိုင်ငံတွေမှာဆို ကိုယ်နဲ့သက်တူရွယ်တူLGBTတွေဆို ထိုင်းမှာဆို သူတို့အခွင့်အရေးအရ လူ့အခွင့်အရေးအပြည့်အဝရပြီး တောက်တောက်ပြောင်ပြောင်တွေ့ရတဲ့အချိန် မြန်မာနိုင်ငံမှာ ဖြစ်ရလေခြင်းဆိုပြီး အာဏာရှင်ကို ဒေါသလည်းထွက်တယ်ပိုလည်းနာကျည်းတယ်” လို့ အတာက ပြောပါတယ်။

အိမ်ပြန်ချင်နေတဲ့အတာတစ်ယောက် လွတ်လပ်ပြီး လူ့အခွင့်အရေးအပြည့်အဝအာမခံချက်ရှိတဲ့ နိုင်ငံ၊ အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်ဖို့ လိင်စိတ်ခံယူမှုကွဲပြားပေမယ့် ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ အများနည်းတူ ဓမ္မဘက်က ဆက်ရပ်တည်နေဦးမယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီကို နိုင်မှ ကျွန်မတို့အိမ်ပြန်လို့ရမှာ အခုကဘယ်လိုမှပြန်လို့မရဘူး။ လမ်းလည်းမရှိဘူး ကိုယ်ရွေးခဲ့ပြီးပြီ။ ပြီးတော့လည်း ဒီတော်လှန်ရေးသမားတယောက်အနေနဲ့ အဆုံးထိဆုံးဖြတ်ထားတော့ ဘယ်လိုနည်းနဲ့မှ တော်လှန်ရေးလမ်းစဉ်ကို စွှန့်လွှတ်သွားဖို့ မဖြစ်နိုင်ဘူး။ ဖြစ်လည်းမဖြစ်ဘူးပေါ့။ ရှေ့ဆက်ပြီးတော့ အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမယ်” လို့ သူက ပြောလိုက်ပါတယ်။

အေးမိစံ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.