မော်လမြိုင် – မတ်(၇)

အစိုးရအဖွဲ့အစည်းအဝေး မှာ ပြည်ထောင်စု အခွန်ကောက်ဥပဒေ တင်ပြအတည်ပြုမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက စနစ်မကျတဲ့ အခွန်ကောက်ခံမှု တွေကို လုံးဝ ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒီနေ့ မတ်လ(၇) ရက်မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၉) ကြိမ်မြောက် အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦး ရဲ့ ၂၀၂၂ ပြည်ထောင်စု အခွန်ကောက် ဥပဒေတင်ပြ အတည်ပြုချက်ရယူဖို့ တင်ပြတာနဲ့ ပတ်သက်ပြီး ယာယီသမ္မတက အခုလိုပြောခဲ့တာပါ။

“အခွန်ကောက်တဲ့ စနစ်မှာ အလေအလွင့် မဖြစ်အောင် အထူးသတိထားရပါမယ်။ အခွန်ကောက်ခံ ခြင်းစနစ် မမှန်ကန်ရင် လူထုက အခွန်ထမ်းပေမယ့် ကျွန်တော်တို့အစိုးရမှာ ရသင့်ရထိုက်တဲ့ အခွန် ဘဏ္ဍာငွေ ပမာဏရမှာ မဟုတ်ပါဘူး။ အလယ်ကလူ ဖြတ်စားလှီးစား လုပ်တာကိုလည်း ခံရနိုင်ပါ တယ်။ဒါ့ကြောင့် ခေတ်မီနိုင်ငံတော်သစ်ကို တည်ထောင်ဖို့ ရည်ရွယ်ကြတဲ့ နိုင်ငံရေးဦးဆောင်သူတွေ အနေနဲ့ အခြေခံကအစ စနစ်တကျ ရှိအောင် လုပ်ရပါလိမ့်မယ်။ ပရမ်းပတာဖြစ်တာမျိုး ၊ ပြီးစလွယ် လုပ်တာမျိုးကို ကျွန်တော် လုံးဝ ခွင့်မပြုပါဘူး။” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် အခွန်ကောက်တဲ့ နည်းလမ်း(Means of Taxation) ဖြစ်ဖြစ် (system of taxation ) ဖြစ်ဖြစ် လူမှုတရားမျှတမှုဖြစ်စေမယ့် နည်းလမ်းတွေကို အခြေခံမူတွေအဖြစ် ထားရှိရမယ်လို့ ယာယီသမ္မတ ကပြောပါသေးတယ်။

လက်ရှိ NUG အစိုးရဟာ တော်လှန်ရေးကာလကို ဖြတ်သန်းနေရတဲ့အတွက် ထိန်းချုပ်နယ်မြေတွေမှာ အခွန်ကောက်ခံတာဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။

ဒီနေ့ အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပြင် တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.