ဒီးမော့ဆို – မတ်(၇)
ကယားပြည်နယ်၊ ဒီးမော့ဆို မြို့မှာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် နေရပ်စွန့်ခွာခဲ့ရတဲ့ (၅) မိုင်နဲ့ ငွေတောင်ဒေသက စစ်ဘေးရှောင်တွေကို စစ်ကောင်စီက နေရပ်ပြန်လာဖို့ ခေါ်နေတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက အဲဒီနေရာတွေမှာ တပ်စွဲနေထိုင်နေတာပါ။
လက်ရှိမှာတော့ စစ်ကောင်စီက နေရပ်ပြန်ခွင့်ပြုထားပေမယ့် ဒေသခံတွေဟာ အိမ်သန့်ရှင်းရေး လုပ်ပြီး အခြေချနေထိုင်တာမျိုး မရှိဘူးလို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC လူ့အခွင့် အရေး ကော်မတီ ဥက္ကဋ္ဌ ဦးဗညားက သံလွင်တိုင်းမ် ကိုပြောပါတယ်။
“လူတွေကိုတော့ စစ်ကောင်စီကနေ ပြန်နေခွင့်ရပြီ ပြန်လာနေကြပါဆိုပြီးတော့ ပြောသံတော့ ကျွန် တော်တို့ကြားတယ်။တချို့ကတော့ ပြန်ပြီးတော့မှ သန့်ရှင်းရေးတွေပြန်လုပ် တာတွေရှိတယ်။ ပစ္စည်း တွေပြန်ယူထုတ်တာတွေရှိတယ်။လုံးဝပြန်နေတာကတော့ အခုချိန်ထိတော့ ကျွန်တော်တို့ လက္ခဏာ မတွေ့ရသေးဘူးပေါ့နော်။ဒါပေမယ့်လည်းပြန်တယ်။သန့်ရှင်းရေးတွေပြန်လုပ်ကြတယ်။ ပစ္စည်းတွေ သယ်တယ်။နောက် အိမ်တွေပြန်ကြည့်ကြတယ်ပေါ့နော်။ အရင်တုန်းကလို နေထိုင်လုပ် ကိုင်စား သောက်တာတော့ လုံးဝကိုမရှိသေးဘူးပေါ့နော်။” လို့ သူကပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက နေရပ်ပြန်ခွင့်ပြုထားပေမယ့် ပြည်သူတွေရဲ့ ပစ္စည်းတွေ သယ်ထုတ်မသွားဖို့ တားမြစ်တာတွေရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးဖြစ်တဲ့ ဒေါပိုးစီ၊(၅)မိုင်၊(၆) မိုင် တလျှောက်ကို ပြီးခဲ့ တဲ့ ၂၀၂၁ ခုနှစ်တည်းက စစ်ကြောင်းထိုးပြီး တပ်စွဲထားတဲ့အတွက် ဒေသခံစစ်ရှောင်တွေ နေရပ်မပြန် နိုင်တာ (၁) နှစ်ကျော်ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်က တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စစ်ကောင်စီဟာ အရပ်သားတွေ ကိုရန်သူလို မြင်နေတဲ့အတွက် နေရပ်မပြန်ကြဖို့ သတိပေးထားသလို NUG ကလည်း စစ်ကောင်စီ စစ်ကြောင်းကျေးရွာထဲဝင်လာတာနဲ့ အရပ်သားတွေ ရှောင်ကြားကြဖို့ အသိပေးထားပါတယ်။
ဒေသခံအတွေအနေနဲ့ နေရပ်ပြန်မယ်ဆိုရင် စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ လူသားဒိုင်းလုပ်ခံရနိုင်တာတွေရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုအလွန် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံဖြစ်တဲ့ ၁၇ ဒဿမ ၆ သန်းနီးပါးဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မတ်လ (၅) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါပေမယ့် နိုင်ငံတဝန်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်တက်နေပေမယ့် စစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း (၄၇) မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားတာကြောင့် အကူအညီပေးဖို့ မရေမရာဖြစ်နေရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူဦးရေ (၃) သိန်းဝန်းကျန်သာရှိတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ(၂) သိန်းကျော်စစ်ဘေးရှောင်နေရတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ