ဘာလင်၊ မတ်(၇)

ဂျာမန်အဓိပတိ အိုလဖ်စကော့ဖ်က တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားထံ လက်နက်တွေပေးပို့ ကူညီရင်  အကျိုးဆက်တွေရှိလာနိုင်မယ်လို့ သတိပေးခဲ့ပြီး ပေကျင်းအနေနဲ့ အဲဒီလိုလုပ်ဆောင်မှုကနေ ရှောင်ကြဉ်မယ်လို့ မျှော်လင့်တယ်လို့ တနင်္ဂနွေနေ့က CNN နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

စကော့ဖ်ရဲ့ မှတ်ချက်တွေဟာ ဝါရှင်တန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံပြီးတဲ့နောက် နှစ်ရက် အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ရုရှားကို လက်နက်ခဲယမ်းမီးကျောက်တွေ စတင်ပေးပို့နေပြီလို့ အမေရိကန်တာဝန်ရှိသူတွေက မကြာသေးမီက သတိပေးခဲ့ပြီး သူ့ရဲ့ အခုခရီးစဉ်မတိုင်မီ အဓိပတိစကော့ဖ်က ပေကျင်းဟာ လက်နက်တွေ ပေး ပို့ခြင်းမှ ရှောင်ကြဉ်ဖို့နဲ့ ယူကရိန်းရှိ ရုရှားရဲ့တပ်တွေကို ရုပ်သိမ်းဖို့ သူ့ရဲ့သြဇာကိုသုံးပြီး ရုရှားကိုဖိအားပေးဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

ရုရှားကို အကူအညီပေးမယ်ဆိုရင် တရုတ်ကို ဒဏ်ခတ်အရေးယူဖို့ စိတ်ကူးရှိလာနိုင်မလားလို့ CNN က မေးမြန်းရာမှာတော့ စကော့ဖ်က “ဒါဟာ အကျိုးဆက်တွေ ရှိလာမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် အခု ကျွန်တော်တို့က ဒီလိုမဖြစ်သင့်ဘူးဆိုတဲ့ ရှင်းလင်းပြတ်သားစွာပြောနိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဒီကိစ္စမှာ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်အတိုင်း အောင်မြင်သွားမှာပါလို့ ကျွန်တော်ကတော့ အကောင်းမြင်ပါတယ်။ ဒါပေမယ့် အဲဒါကို စောင့်ကြည့်နေရမှာဖြစ်ပြီး အလွန့်အလွန် သတိထားရပါမယ်” လို့ သူက မှတ်ချက်ပြုခဲ့တာပါ။

အကျိုးဆက်တွေရဲ့ သဘောသဘာဝကိုတော့ အသေးစိတ် မဖော်ပြထားပေမယ့် ဂျာမနီဟာ ဥရောပရဲ့ အကြီး ဆုံးစီးပွားရေးဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံဟာ သူ့ရဲ့တစ်ခုတည်းသော အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ခဲ့တာပါ။

တနင်္ဂနွေက ဂျာမနီကို ပြန်ရောက်ရှိစဉ် စကော့ဖ်က သူ့ဝန်ကြီးအဖွဲ့၊ ဥရောပကော်မရှင်ဥက္ကဋ္ဌနဲ့  တွေ့ဆုံပြီး နောက်မှာ တရုတ်ကလက်နက်တွေ ပေးပို့ဖို့ စဉ်းစားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်ဆီက ခိုင်မာတဲ့ အထောက်အထားတွေ ရရှိထားသလားဆိုတာနဲ့  ရုရှားကို လက်နက်ပေးမယ်ဆိုရင် ပေကျင်းကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ပေးမှာလားဆိုတာကို မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“လက်နက်တွေ ပေးအပ်ခြင်းမပြုရဘူးဆိုတာ ကျွန်တော်တို့အားလုံး သဘောတူထားကြပြီး တရုတ်အစိုးရက တော့ ပေးအပ်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်” ဟု အဓိပတိက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး သူက ဖြေကြားခဲ့ခြင်းမရှိပေမယ့် ကော်မရှင်ဥက္ကဌက “ဒီကိစ္စအတွက် ကျွန်တော်တို့မှာ အခုထိ သက်သေမရှိပေမယ့် နေ့တိုင်း စောင့်ကြည့်နေရမယ်” လို့ ဆိုပါတယ်။

ရုရှားနိုင်ငံကို စစ်ရေးအကူအညီပေးတဲ့အတွက် ဥရောပသမဂ္ဂက တရုတ်နိုင်ငံကို ဒဏ်ခတ်အရေးယူခြင်း ရှိ၊မရှိဟာ အမှန်တကယ်ဖြစ်လာမှသာလျှင် အဖြေရနိုင်တဲ့ စိတ်ကူးယဉ်မေးခွန်းဖြစ်တယ်လို့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။

Ref: AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.