ကော်သူးလေ – မတ်(၁)

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ညောင်ပင်သာကျေးရွာနေ ဒေသခံ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်သွားတယ်လို့ KNU က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အသတ်ခံလိုက်ရတဲ့ ညောင်ပင်သာကျေးရွာနေ ကိုကျော်မိုးဝင်းနဲ့ ဦးကြာပေါ်တို့ရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒေသခံတွေ ကျေးရွာအတွင်း စားစရာ လာပြန်ယူစဉ် သေဆုံးလျက် တွေ့ရှိခဲ့တာပါ။

ညောင်ပင်သာကျေးရွာ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်နေတာကြောင့် နီးစပ်တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

KNU မူးမြို့နယ် ညောင်ပင်သာကျေးရွာမှာ အိမ်ခြေ ၁၆၁ လုံး ရှိပြီး လူဦးရေ ၄၀၀၀ ကျော် နေထိုင်တဲ့ ကျေးရွာဖြစ်ပေမယ့် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဖေဖော်ဝါရီလကုန်အထိ KNU အုပ်ချုပ်နယ်မြေမှာ ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူ ၅၃၀,၀၀၀ ကျော်အထိ ရှိလာပြီး KNU ညောင်လေးပင်ခရိုင်တစ်ခုထဲမှာပဲ စစ်ဘေးရှောင်ပြည်သူ ၁၄၀,၀၀၀ ကျော်အထိ တိုးလာတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်နဲ့ KNLA KNDO ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်စွာ ဆက်လက်ဖြစ်ပွားနေတာ၊ စစ်ကောင်စီတပ်က ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ KPSN ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.