ရေး၊ ဖေဖော်ဝါရီ(၁၅)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အခြေစိုက်စစ်ကောင်စီ ခမရ(၅၈၇) တပ်ရင်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီး ဗုံးပစ်လောင်ချာနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း(MSRO) ထံကနေ သိရပါတယ်။

အဲဒီနေ့ မနက် ၆ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၈၇) တပ်ရင်းရဲ့ ကင်းဂိတ်ကို မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း(MSRO)က လက်နက်ကြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ သွား ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ ပစ်ခတ်လိုက်တဲ့ ၄၀ မမကျည်ဟာ စစ်ကောင်စီကင်းဂိတ် တည့်တည့်အပေါ် ကျရောက် ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ မွန်ပြည်နယ်အခြေပြု တော် လှန်ရေး အဖွဲ့အစည်း(MSRO) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရင်း ကင်းဂိတ်ကို တိုက်ခိုက်မှုပြီးနောက် (MSRO) ရဲဘော်တွေ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာလည်း ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီနဲ့ ဒေါက်တိုင်တွေကို အလျဉ်း သင့်သလို ရှင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၈၇) တပ်ရင်းဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းကလည်း လက်နက်ကြီးနဲ့ တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၂ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း အခြေစိုက်တင်ရင်း ၂ ခု တိုက်ခိုက်ခံထားရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာနဲ့ အဆောက်အဦးတချို့ ထိခိုက်ပျက်စီး တာတွေ ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.