တိုင်ပေ – ဖေဖော်ဝါရီ(၁၅) 

ထိုင်ဝမ်အနီးတဝိုက်မှာ တရုတ်ထောက်လှမ်းရေးမီးပုံးပျံတွေကို မတွေ့ရဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ(၁၄) ရက်နေ့ကဆိုခဲ့ပြီး တရုတ်နဲ့ အမေရိကန်ကြား အငြင်းပွား မှုတွေကနေ စစ်ရေးတင်မာမှုတွေ မြင့်တက်လာမှာ စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၄) ရက်နေ့က တောင်ကယ်ရိုလိုင်းနားမှာ တရုတ်သူလျှိုမီးပုံပျံ တစ်ခုကို အမေရိကန်စစ်တပ်က ပစ်ချထားတာပါ။ 

အဲဒီမီးပုံးပျံဟာ လမ်းကြောင်းမှားယွင်းလွင့်ပျံသွားတဲ့ အရပ်ဘက် သုတေသနယာဉ်ဖြစ်တယ်လို့ တရုတ်ဘက်က တုံ့ပြန်ထားပြီး အမေရိကန်ကတော့ သလျှိုမီးပုံးပျံတွေ တရုတ်က စေလွှတ်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ 

ထိုင်ဝမ်စစ်ဘက်ထောက်လှမ်းရေး အရာရှိတစ်ဦးက ကျွန်းအနီးမှာ အမေရိကန်က ပစ်ချလိုက်တဲ့ တရုတ်ထောက်လှမ်းရေး မီးပုံးပျံလို ဆင်တူမီးပုံးပျံတွေ မတွေ့ရဘူးလို့ ပြောပါတယ်။ 

“ကျွန်ုပ်တို့ရဲ့ ရေပြင်အနီးရှိ မိုးပျံပူဖောင်းအများစုကို မိုးလေဝသရည်ရွယ်ချက်အတွက် အသုံးပြု တာဖြစ်တယ်” လို့သူက သတင်းစာရှင်းလင်းပွဲမှာဆိုခဲ့ပြီးရာသီဥတုတိုင်းတာတဲ့ ပူဖောင်းတွေ ဟာ လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်တာမရှိဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် လုံခြုံရေး ခြိမ်းခြောက်မှု မြင့်မားတဲ့ ထိုင်ဝမ်ပိုင်နက်ကို ချဉ်းကပ်လာတဲ့ မီးပုံးပျံတွေကို စစ်တပ်က ဖျက်ဆီးပစ်မှာ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

ထိုင်ဝမ်အနီးမှာ တွေ့ရတဲ့ မီးပုံးပျံတွေဟာ ပဲကိုင်ထိန်းချုပ်တာ မရှိတဲ့အတွက် စောင့်ကြည့်ဖို့ အသုံးပြုတာ မရှိနိုင်ဘူးလို့ သိရပါတယ်။ 

တရုတ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို သူတို့ပိုင်နက်အဖြစ် ဆိုထားပြီး မကြာသေးခင်က ကျွန်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့သလို ထိုင်ဝမ်ကျွန်းကို အင်အားသုံး ပြီး ထိန်းချုပ်ဖို့ ကြိုးစားလာမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ 

ထိုင်ဝမ်ဘက်ကတော့ ကျွန်းကို တရုတ်က ဘယ်သောအခါမှ အုပ်ချုပ်ခဲ့တာမရှိတဲ့အတွက် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်တောင်းဆိုမှုဟာ ပျက်ပြယ်သွားပြီ ဖြစ်ပြီး ထိုင်ဝမ်ကို တိုက်ခိုက်လာပါက ခုခံကာကွယ်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.