ဖယ်ခုံ – ဖေဖော်ဝါရီ(၁၅)
ကယားပြည်နယ်၊ ဖယ်ခုံမြို့မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေရဲ့ ပြင်းထန်တဲ့ ပေါက်ကွဲအားတွေကြောင့် အမွှာကိုယ်ဝန်ဆောင်မိခင်တစ်ဦး ကလေးပျက်ကျခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၄) ရက်နေ့ ညနေပိုင်းက ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ပြီးကျရောက်ပေါက်ကွဲမှုကြောင့် အမွှာကိုယ်ဝန်ဆောင်ထားတဲ့ အမျိုး သမီးတစ်ဦး ကိုယ်ဝန်ပျက်ကျခဲ့ရတာပါ။
အဲဒီအမျိုးသမီးဟာကိုယ်ဝန်(၈) လဖြစ်ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် ဗိုက်ထဲမှာ ကလေးတွေမလှုပ်တော့တာဖြစ်ပြီး သူကတော့ ဖယ်ခုံဆေးရုံမှာ အသက်လုနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ကယားပြည်နယ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးဖွားချိန်မှာ မိခင်ရော ကလေးပါ သေဆုံးတာတွေရှိနေ ပြီးမွေးဖွားလာတဲ့ ကလေးတွေမှာလည်း အဟာရဓာတ်ချို့တဲ့တာတွေ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးဗညားက သံလွင်တိုင်းမ် ကိုပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ မွေးကင်းစကလေးသေဆုံးမှာဟာ လစဉ်လိုလို ဖြစ်နေပြီး ပျမ်းမျှကိုယ်ဝန်ဆောင် (၅) ဦးမှာ (၁)ဦးက အဲဒီလိုဖြစ်စဉ်နဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုပါတယ်။
အခုလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသတွင်း အဆက်အသွယ်ရရှိမှု ခက်ခဲတာအပြင် အင်တာနက်အခက်အခဲတွေကြောင့် သံလွင်တိုင်းမ် အနေနဲ့ အသေးစိတ်အခြေအနေကို အတည်ပြုနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အတည်ပြုလို့ မရသေးပါဘူး။
ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မီးဖွားစရိတ်ကြီးမြင့်တာ၊ ဆေးရုံဆေးခန်းတွေနဲ့ အလှမ်းဝေးတာအပြင် လိုအပ်တဲ့ ကာကွယ်ဆေးတွေ အချိန်မှီမရတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ကယားပြည်နယ်မှာ ပြည်နယ်ပြည်သူ့ဆေးရုံကြီးအပါအဝင် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ စုစုပေါင်း (၁၇) ခုရှိပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပိတ်ထားတာ၊ ထိတွေ့တိုက်ပွဲတွေရှိနေတာတွေကြောင့် ပြည်သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ အလှမ်းကွာနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ကယားပြည်နယ်မှာ လူဦးရေ( ၂၉၉၀၂၃) ဦးရှိပြီး အဲဒီထဲက ပြည်သူ (၂) သိန်းကျော်ဟာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲ တွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
စစ်ဘေးရှောင်အများစုဟာ ဒီးမော့ဆို၊ဖရူဆို၊ဖားဆောင်း၊မယ့်စဲ့၊ဘောလခဲ၊ရှားတောနဲ့ ရှမ်းပြည် နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ကလည်း စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ စစ်ဘေးရှောင်တွေ လိုအပ်နေတဲ့ အစား အသောက်နဲ့ ဆေးဝါးတွေ ကူညီပေးနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ