နေပြည်တော်၊ ဖေဖော်ဝါရီ(၁)

စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းဝေးမှာ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာရှိနေကြောင်း တင်ပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်တဲ့ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကာလုံလို့ ခေါ်တဲ့ အမျိုးသားကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့တာပါ။

ဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့လက်ရှိအခြေအ နေဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာရှိကြောင်း ယာယီသမ္မတဦးမြင့်ဆွေထံ တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့တင်ပြမှုကို ကာလုံအစည်းအဝေးမှာ ဆွေးနွေးပြီးနောက် ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တဲ့ ထုတ်ပြန်ချက်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ သူတို့ကို ပေးအပ်ထားတဲ့ တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိရင် သတ်မှတ်အချိန် ကာလတိုးမြှင့်ပေးဖို့ အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက “သာမန်အားဖြင့်” တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ခေါင်းဆောင်က သာမန်အခြေအနေမဟုတ်ဘူးလို့ တင်ပြလာတာ ကြောင့် စစ်အုပ်စုအနေနဲ့ အာဏာသိမ်းတာ ဒါမှမဟုတ် အာဏာဆက်လက်စွဲကိုင်သွားမယ့် အခင်းအကျင်း ဖြစ်တယ်လို့ သုံးသပ်တာပါ။

“သာမန်မဟုတ်ဘူးလို့ သူပြောတဲ့အတွက် ဆက်ပြီးတော့တိုးမယ့်သဘောရှိတယ်။ တိုးမယ့်ပုဒ်မက မပါတော့ဘူး ဖွဲ့စည်းပုံကျတော့။ ဆိုတော့ ဒါက သမ္မတရဲ့သဘောဖြစ်သွားပြီပေါ့။ ကာလုံကအဲဒါကိုတင်ပြလိုက်မယ်ဆိုရင် သမ္မတက ဘယ်လိုထပ်ပြီးတော့ပြောလာမလဲ။ ဘယ်လိုကာချုပ်ကိုထပ်ပြီးတော့ အချိန်တိုးပြီးတော့ ပြန်ပြီးတော့ အာဏာကိုအပ်နှင်းမလားဆိုတာကတော့ ကျွန်တော်တို့မပြောတတ်ဘူးပေါ့နော်။ အဲဒီလိုတော့ သွားမယ် ထင်တယ်။ အခြေအနေကတော့ စစ်တပ်က အာဏာကိုတရားဝင်သိမ်းမလားပေါ့။ ဒါလည်းအရေးကြီးတာပေါ့။ ဆိုတော့အဲဒီနှစ်လမ်းထဲက တစ်ခုခုကိုသွားနိုင်တယ်။ ဒါပေမယ့်အာဏာသိမ်းဖို့ထက် အာဏာကိုဆက်ယူဖို့ များပါတယ်” လို့ဆိုပါတယ်။

ဒီအစည်းအဝေးမှာ CRPH ၊ NUG နဲ့ PDF တွေဟာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ၊ အများပြည်သူဆိုင် ရာ နေရာတွေကို ဗုံးခွဲတိုက်ခိုက်တာ၊ ပြည်သူတွေကို လက်နက်ကိုင်ခြိမ်းခြောက်အကြပ်ကိုင်တာ ဆက်လက် လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းတွေနဲ့ ရယူဖို့ ကြိုး ပမ်းလုပ်ဆောင်နေတာကြောင့် သာမန်မဟုတ်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းဝေးမှာ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့တာပါ။

ဒါပေမယ့် ဒီအစည်းအဝေးမှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကျန်းမာရေးအခြေအနေကြောင့် အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်တိုင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.