လွိုင်ကော်၊ ဇန်နဝါရီ(၂၉)
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က (၃) ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတူးထားကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတိပေးထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၂) ရက်ကစပြီး စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ ထောက်လှမ်းတာ၊ စစ်ရှောင်စခန်းတွေဆီကို ဂျက်လေယာဉ်တွေနဲ့ အနီးကပ်ပျံသန်းတာတွေ လုပ်ဆောင်ခဲ့တာပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့နဲ့ လေယာဉ်ပျံသန်းလာရင် ဦးတည်ရာမဲ့ထွက်ပြေးတာတွေ မလုပ်ဖို့၊ ထွက်ကြည့်တာ မလုပ်ဖို့၊ ဓာတ်ပုံ-ဗီဒီယိုရိုက်ကူးတာတွေမလုပ်ဖို့နဲ့ ဗုံးခိုကျင်းမဟုတ်တဲ့ နေရာတွေမှာ စုဝေးနေထိုင်တာတွေ မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်ဟာ လွိုင်ကော်ဒေသမှာ ဇန်နဝါရီ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့အရှေ့ခြမ်းက ဒေသခံတွေရဲ့နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပြီး ဒီမော့ဆို စစ်ရှောင်စခန်းတွေမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၂၀၀) ကျော်သေဆုံးထားပြီး ကယားပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်(၁၈၀) ကျော် ပြုလုပ်ထားတယ်လို့ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်