မော်လမြိုင် – ဇန်နဝါရီ(၂၇)

တော်လှန်ရေးအဖွဲ့အားလုံးဟာ အခုချိန်မှာ နိုင်ငံရေး၊စစ်ရေးကဏ္ဍအားလုံးမှာ တိုက်စစ်ဆင် ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏက ပြောပါတယ်။

ဒီနေ့ဇန်နဝါရီလ(၂၇) ရက် မနက်ပိုင်းက ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ စစ်ကိုင်း၊မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ပြောခဲ့တာပါ။

“ယခုအချိန်က နိုင်ငံရေး၊ စစ်ရေးကဏ္ဍရပ်အားလုံးမှာ တော်လှန်ရေးအဖွဲ့အားလုံးမှ တိုက်စစ်ဆင် ဆောင်ရွက်နေတယ်၊ မြေပြင် အုပ်ချုပ်ရေးဖော်ဆောင်မှုက အရေးကြီးပြီး အချင်းချင်း ချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်ဖြစ်တယ်၊ အုပ်ချုပ်ရေးဖော်ဆောင်ရာမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး အစရှိတာတွေမှာ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်လိုအပ်တယ်” လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက မြေပြင် ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်လည်ရှင်းပြခဲ့ ကြပါတယ်။

ဒါ့အပြင် ပခုက္ကူခရိုင်နဲ့ ကန့်ဘလူခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခရိုင်အတွင်း နယ်မြေကွင်း ဆင်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေ၊ အကြံပြုချက်၊ သုံးသပ်ချက် တွေကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယပြည်ထောင်စုဝန်ကြီးတွေ၊အမြဲတမ်းအတွင်းဝန်တွေ၊ တွဲဖက် အမြဲတမ်းအတွင်းဝန်တွေ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူတွေ၊ စစ်ကိုင်း မကွေးတိုင်း ထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်တွေ နဲ့ အဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.