ဟနွိုင်း၊ ဇန်နဝါရီ(၂၀)

ဗီယက်နမ်သမ္မတ Nguyen Xuan Phuc (ငုယင်ဆွမ်ဖု)ဟာ သူ့ရဲ့လက်အောက်ရှိ အရာရှိတွေရဲ့ ဥပဒေချိုးဖောက်မှုတွေနဲ့ အမှားအယွင်းတွေကျူးလွန်ကြောင်းတွေ့ရှိပြီးတဲ့နောက်မှာ ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။

သူနုတ်ထွက်စာတင်တဲ့အကြောင်း ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့အပြောကို ကိုးကားပြီး ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။

“ပါတီနဲ့ပြည်သူတွေရှေ့မှာ သူ့ရဲ့တာဝန်ဝတ္တရားတွေကို အပြည့်အဝသိရှိပြီး ရာထူးကနုတ်ထွက်ဖို့၊ အလုပ်က ထွက်ပြီး အငြိမ်းစားယူဖို့ လျှောက်လွှာတင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

အသက် ၆၈ နှစ်ရှိဝန်ကြီးချုပ်ဟောင်းဟာ သမ္မတရာထူးကို နှစ်နှစ်သာတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ အခုလအစောပိုင်းမှာ ဒုတိယဝန်ကြီးချုပ်နှစ်ဦးကို ထုတ်ပယ်ပြီးနောက် သူနုတ်ထွက်တော့မယ့်အကြောင်း ထင်ကြေးပေးမှုတွေ မြင့်တက်လာခဲ့တာပါ။

အခြားဝန်ကြီးနှစ်ဦးနဲ့ အရာရှိနှစ်ဦးတို့ဟာ ရာဇဝတ်မှုဆိုင်ရာစွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။။ အခြားသော ကွန်မြူနစ်ပါတီဝင် ရာပေါင်းများစွာကိုလည်း စုံစမ်းစစ်ဆေးခံနေရတယ်လို့ ဆိုပါတယ်။

အရာရှိတွေကို ထုတ်ပယ်ခြင်းဟာ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို စုစည်းဖို့၊ အနောက်တိုင်းလိုလားသူနဲ့ စီးပွား ရေးလိုလားသူလို့ မြင်ကြတဲ့ အကြီးတန်းအရာရှိတွေကို ဖြုတ်ချခြင်းဖြစ်နိုင်တယ်လို့  သတင်းတွေက ဖော်ပြခဲ့တာပါ။

ထရွန်ဟာ အရင်နှစ်ပါတီကွန်ဂရက်မှာ မကြုံစဖူးအနေနဲ့ တတိယအကြိမ်အဖြစ် ရာထူးပေးအပ်ခံခဲ့ရပါတယ်။ အာဏာကို လက်ဝါးကြီးအုပ်ဖို့ စိန်ခေါ်မှုတွေကို ခွင့်မပြုတဲ့ပါတီထိပ်ပိုင်းမှ အာဏာလွန်ဆွဲမှုအဖြစ် လူအများကရှုမြင်နေကြတာပါ။

သမ္မတနုတ်ထွက်ခြင်းဟာ အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်ပြီး Reuters ရိုက်တာသတင်း ဌာနရဲ့ အဆိုအရ ဥပဒေပြု လွှတ်တော်ဟာ အခုသီတင်းပတ်အတွင်း ရှားရှားပါးပါး ထူးထူးခြားခြား အစည်းအဝေးတစ်ရပ်ကို ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။

သမ္မတကို ရာထူးမှ နုတ်ထွက်ခွင့်ပြုပါက ဘယ်သူက သမ္မတအဖြစ် တာဝန်ယူမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဗီယက်နမ် မှာတော့ အဓိကအားဖြင့် မဏ္ဍိုင်လေးရပ်လို့သိကြတဲ့ပါတီရဲ့အတွင်းရေးမှူး၊ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့က ဦးဆောင်နေတာဖြစ်ပါတယ်။
Ref,The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.