ဖူးခက် – ဇန်နဝါရီ(၂၀) 

ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက်တွေ့တဲ့ ထိုင်းနိုင်ငံ ဖူးခက်နဲ့ ချင်းမိုင် တို့မှာ ဧည့်ကြိုဝန်ဆောင် မှု လုပ်ငန်းတွေအတွက် အလုပ်သမား ပြတ်လပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ 

ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စတာ ဘွန်ချော့ရဲ့ ပြောဆိုချက်အရ ဖူးခက်မှာ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ကဏ္ဍတွေအတွက် အလုပ်သမား (၃၆၀၀) ကျော် ချက်ချင်းလိုအပ်နေတယ်လို့ ဆိုပါတယ်။ 

အလုပ်သမားဝန်ကြီဂဌာနက ပြုလုပ်ထားတဲ့ စစ်တမ်းတွေ အရ ချင်းမိုင်မှာ အလုပ်သမား (၈၅၀) ဦး လိုအပ်နေပြီး ဘန်ကောက်မြို့ အရှေ့ဘက်ပင်လယ်ဝခရိုင်တစ်ခု ဖြစ်တဲ့ ချွန်ဘူရီမှာ အလုပ် သမား (၆၀၀) ကျော် လိုအပ် နေတာပါ။ 

၂၀၂၃ ခုနှစ်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ထူထောင်နိုင်ဖို့ ခရီးသွားဧည့်သည် (၂၅) မီလျံ ရရှိဖို့ မျှော်မှန်းထားတဲ့ ထိုင်းနိုင်ငံရဲ့ အစီအစဉ်ကို အလုပ်သမား ပြတ်လပ်မှုက ထိခိုက်စေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

လက်တလော လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေကို ဧည့်ကြိုဝန်ဆောင်မှု လုပ်ငန်းမှာ အချိန်ပိုင်း ဝင်ရောက်လုပ်ကိုင်ခိုင်းပြီး အလုပ်သမားပြတ်လပ်မှု အကျပ်အတည်း ကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မစ္စတာ ဘွန်ချော့က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ကျောင်းသားတွေ ဧည့်ကြိုဝန်ဆောင်မှုနဲ့ နိုင်ငံခြားဘာသာတွေသင်ကြားတာဟာ အလုပ်သမား ပြတ်လပ်မှုပြဿနာကို ကာလရှည်ဖြေရှင်းပေးနိုင်မှာဖြစ်တယ်လို့ သူက ပြောပါ သေးတယ်။ 

အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ၂၀၂၂ ခုနှစ်က နိုင်ငံခြား ခရီးသွားဧည့်သည် (၁၁.၅) မီလျံဝင်ရောက်ထားပြီး ၂၀၁၉ ကိုဗစ်မတိုင်ခင်ကာလ က ခရီးသွားဧည့်သည် သန်း(၄၀) အထိရှိတယ်လို့ သိရပါတယ်။ 

အစိုးရနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာန အရာရှိတွေဟာ ၂၀၂၃ ခုနှစ်မှာ တရုတ်နိုင်ငံက ဝင်ရောက်လာ မယ့် ခရီးသွားအရေအတွက်ကို မျှော်မှန်းထားတဲ့အထဲက (၂၅) ရာခိုင်နှုန်းလောက်အထိ ရှိနိုင် တယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.