ကျိုက်ထို၊ ဇန်နဝါရီ(၂၀)မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာမှာ ဇန်နဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီက မြို့နယ်ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးအောင်ထွေးခိုင် သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မရမ်းချောင်းကျေးရွာနေ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ဦးအောင်ထွေးခိုင်ဟာ သူပိုင်တဲ့ပျဉ်းကတိုးကုန်းကျေးရွာရှိရော်ဘာခြံမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အသက် ၅၆ နှစ်အရွယ် ဦးအောင်ထွေးခိုင်ဟာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး နေရာမှာပဲသေဆုံးသွားတယ်လို့ သိရပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ဦးအောင်ထွေးခိုင်ရဲ့ ရုပ်အလောင်းကိုတော့ မိသားစုဝင်တွေနဲ့ဆွေမျိုးတွေက ကျိုက်ထိုဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတွေအဆိုအရ ဦးအောင်ထွေးခိုင်ဟာ မရမ်းချောင်းကျေးရွာ မီးလင်းကော်မတီအဖွဲ့ဝင်တစ်ဦး ဖြစ်သလို စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီတာခကောက်ယူတာနဲ့ မီတာဖတ်တာတွေ အဓိက လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်ထွန်း သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။
သတင်း -သံလွင်တိုင်းမ်