မော်လမြိုင် – ဇန်နဝါရီ(၁၈)

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွက် လေပိုင်နက်အသုံးပြုခွင့်မပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၀) ရက်နဲ့ (၁၁) ရက်တွေမှာ ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ်ကို စစ်ကောင်စီတပ်တွေက ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ချိန်မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံ လေပိုင်နက်ကို ကျူးကျော်အသုံးပြုခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အိန္ဒိယလေပိုင်နက်အတွင်း သာမက တခြား အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုလည်း ကျူးကျော်ခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့တဲ့အတွက် ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်နေ မှုတွေကို အိမ်နီးချင်းနိုင်ငံတွေက ခွင့်ပြုမထားကြဖို့ မေတ္တာရပ်ခံတောင်းဆိုခဲ့တာပါ။

ချင်းအမျိုးသားတပ်ဦး ဌာနချုပ် Camp Victoria ကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ တဲ့အတွက် CNF တပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့ပြီး အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ သလို လူနေအိမ်တစ်လုံး ဆေးကုသဆောင်တစ်ဆောင် အပါအဝင် ထိခိုက်ပျက်စီးမှုတွေ အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံတုံ့ပြန်ဖို့ ပြင်ဆင်ဆောင်ရွက် နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇာ် က သံလွင်တိုင်းမ် ကို ပြောထားပါတယ်။

နိုင်ငံတဝန်းက နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းကာလတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာသလို ပြည်သူတွေနေထိုင်တဲ့ နေရာတွေ ကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကျေးရွာရှိ လက်ယက်ကုန်းစာသင်ကျောင်းနဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်မှုတွေမှာ KIO အမှုထမ်းတွေ အပါအဝင် အရပ်သားတွေ အစုအလိုက် အပြုံအလိုက် သေဆုံးတာတွေ ရှိခဲ့ပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက် မှုတွေကြောင့် အရပ်သားပြည်သူ (၂၀၀) ကျော်သေဆုံးထားတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.