တိုကျို၊ ဇန်နဝါရီ(၁၇)
ဂျပန်နဲ့ အိန္ဒိယတို့ ပူပေါင်းပြီး တိုကျိုမြို့အနီးမှာ ပထမဦးဆုံးအကြိမ် ဖိုက်တာဂျက်လေယာဉ် ပူးတွဲ စစ်ရေး လေ့ကျင့် ပျံသန်းမှုကို စတင်လုပ်ဆောင်နေပါတယ်။
ဒီလိုလုပ်ဆောင်ရတာဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားကြီးထွားလာမှုကို စောင့်ကြည့်နိုင်ဖို့အတွက် နဲ့ နိုင်ငံတွေရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးသဘောတူညီချက်တွေကို အရှိန်မြင့်ဆောင်ရွက်တဲ့အနေနဲ့ ပြုလုပ်တာ ဖြစ်တယ်လို့လည်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
၁၁ ရက်ကြာမြင့်မယ့် အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယနိုင်ငံမှ တိုက်လေယာဉ်လေးစင်း၊ သယ်ယူပို့ ဆောင်ရေးလေယာဉ်နှစ်စင်းနဲ့ ဆီဖြည့်လေယာဉ်တွေနဲ့အတူ ဂျပန်ရဲ့ ဂျက်ဖိုက်တာ ၈ စင်း ပါဝင်မယ်လို့ ဆိုပါတယ်။
တိုကျိုမြို့ အရှေ့မြောက်ဘက် အီဘာရာကီဒေသရှိ ဟိုင်ကူရီလေတပ်စခန်းမှာ လေ့ကျင့်မယ့် ပူးတွဲစစ်ရေး လေ့ကျင့်မှုအတွင်း အိန္ဒိယလေတပ်အရာရှိ ၁၅၀ ပါဝင်ဖို့ရှိနေတာပါ။
ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဂျပန်နဲ့ အိန္ဒိယနှစ်နိုင်ငံအကြားရှိ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေး နွေးမှုတွေကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက သဘောတူညီခဲ့ကြတာဖြစ်ပြီး ကပ်ဘေးကြောင့် ရွှေ့ဆိုင်းခဲ့ရ တာလည်း ဖြစ်ပါတယ်။
ဂျပန်၊ အိန္ဒိယနဲ့ အတူ ဩစတြေးလျနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ Quad အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပြီး တရုတ်ရဲ့ စစ်ရေးနဲ့ စီးပွားရေးလွှမ်းမိုးလာမှုများအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေကြတာပါ။
တိုကျိုဟာ လက်ရှိကာလတွေမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်ပေါ်နေတာကြောင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို လုပ်ဆောင်လျှက်ရှိပါတယ်။
ဒီဇင်ဘာလမှာ ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ အစိုးရဟာ ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့နှစ်ရာခိုင်နှုန်းအထိ ၂၀၂၇ခုနှစ်မှာ နှစ်ဆတိုးမြှင့်ဖို့ ကတိပြုခဲ့ပြီး တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံရဲ့လုံခြုံရေးအတွက် အကြီးမားဆုံးသော မဟာဗျူဟာမြောက်စိန်ခေါ်မှု လို့လည်းပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာလည်း ဂျပန်နိုင်ငံဟာ ဗြိတိန်နဲ့ ကာကွယ်ရေး သဘောတူညီချက်သစ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ဝါရှင်တန်နဲ့လည်း အပြန်အလှန် ကာကွယ်ရေးစာချုပ်ကို တိုးချဲ့ဖို့ သဘောတူခဲ့ပါတယ်။
Ref, AFP