တီဟီရန်၊ ဇန်နဝါရီ(၁၃)

မာရှာအမ်မီနီသေဆုံးမှုကြောင့် အီရန်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ဆက်စပ်လို့ အနည်းဆုံးသတင်းသမား အယောက် (၃၀) ဟာ ထောင်ထဲမှာရှိနေသေးတယ်လို့ တီဟီရန် သတင်းထောက်များအသင်းက ပြောပါတယ်။

အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့ အီရန်ဝတ်စားဆင်ယင်မှုဥပဒေကို ဖောက်ဖျက်တဲ့ စွပ်စွဲချက်နဲ့ အမ်မီနီကို စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် အဲဒီမိန်းကလေးသေဆုံးမှုနဲ့ ပတ်သက်လို့ စက်တင်ဘာ ၁၆ ရက်ကလို့လေးလကြာဆန္ဒပြမှုတွေ နိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

စက်တင်ဘာလလယ်ကတည်းက သတင်းသမား အယောက် ၇၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းထောက်များအသင်းက ဇန်နဝါရီ ၁၁ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

သတင်းသမားတွေထဲကအချို့ကတော့ အာမခံဖြင့် လွတ်မြောက်လာပြီဖြစ်ကြောင်းနဲ့ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားခံရတဲ့ သတင်းသမားအယောက် ၃၀ ကို ထိန်းသိမ်းထားဆဲဖြစ်တဲ့အကြောင်း အသင်းရဲ့ Telegram ချန်နယ်ကနေ လက်ရှိ အကျဉ်းချခံထားရသူတွေရဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီစာရင်းမှာပါဝင်တဲ့ အကျဉ်းကျခံ အီရန်သတင်းထောက်နှစ်ဦးဖြစ်တဲ့ ဟမ်မဒီ နဲ့ အဲလာဟ် မိုဟာမက်ဒီ တို့ဟာ  မစ္စ အမ်မီနီရဲ့ သေဆုံးမှုအကြောင်းကို အရင်ဆုံးရေးသား ဖော်ထုတ်ခဲ့ကြသူတွေဖြစ်ပါတယ်။

“ဆန္ဒပြပွဲတွေစတင်ခဲ့ပြီးကတည်းက သတင်းသမားအမြောက်အမြားကိုလည်း အာဏာပိုင်တွေက ဆင့်ခေါ် ထားပါတယ်” လို့ အဲဒီအသင်းက ထပ်လောင်းပြောထားပါသေးတယ်။

နောက်ဆုံး ပြစ်ဒဏ်ချမှတ်ခံရသူကတော့ အားကစားဂျာနယ်လစ်ဖြစ်ပြီး သူ့ကို စွဲဆိုထားတဲ့ စွဲချက်တွေကို အတိအကျ မဖော်ပြထားပေမယ့် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ထားပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် ကျခံဖို့ အမိန့်ထုတ်ထားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလနှောင်းပိုင်းမှာတော့ အီရန်သတင်းသမားတွေနဲ့ ဓာတ်ပုံသတင်းထောက် ၃၀၀ ကျော်ဟာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ဖမ်းဆီးခံရပြီး သူတို့ရဲ့နိုင်ငံသားအခွင့်အရေးတွေ ချိုးဖောက်ခံရတဲ့အတွက် အာဏာပိုင်တွေိကို ဝေဖန်တဲ့ ကြေညာချက်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒေသတွင်းမီဒီယာ တွေမှာ ဖော်ပြခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် လူရာနဲ့ချီ သေဆုံးပြီး အီရန်အာဏာပိုင်တွေက  အဓိကရုဏ်းလို့ ဖော်ပြခဲ့ကြတဲ့ ဆန္ဒပြပွဲတွေအတွင်း လူထောင်နဲ့ချီ ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

Ref: The National News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.