လမိုင်း၊ ဇန်နဝါရီ (၉)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊လက်ဝှေ့ရုံဈေးတန်းအနီးမှာ ဒီနေ့ ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ SB အရာရှိတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ မနက် ၆ နာရီခွဲအချိန်လောက်က လမိုင်းမြို့၊လက်ဝှေ့ရုံဈေးတန်းအနီး ကွမ်းယာ လာဝယ်တဲ့ SB ရဲအုပ်ညီညီဝင်းကို ရေးပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ရဲအုပ်ညီညီဝင်းဟာ ဦးခေါင်းကျည်ဖောက်ထွက် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုမှာ ရဲအုပ်ညီညီဝင်းရဲ့ ဦးခေါင်းကနေ ဖောက်ထွက်သွားတဲ့ ကျည်ဟာ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဝမ်းဗိုက်ထိခိုက်သွားတာကြောင့် မော်လမြိုင်ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
“ထောက်လှမ်းရေးဗိုလ်ကြီးရဲ့ ဦးခေါင်းကနေ ကျည်ပေါက်ပြီး ပြည်သူအမျိုးသမီးတစ်ဦး ထိခိုက်ခဲ့တဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ အနူးအညွှတ်လဲ တောင်းပန်ပါတယ်ဗျာ။ လိုအပ်တဲ့ ကိစ္စအားလုံးကိုလည်း တာဝန်ယူဖြေရှင်းပေးပါမယ်”လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တာဝန်ခံ ဗိုလ်ကျန်ရစ်က သူရဲ့ လူမှုကွန်ရက်ကနေ တောင်းပန်ထားပါတယ်။
အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်ပြီး ရဲအုပ်ညီညီဝင်းရဲ့ ရုပ်အလောင်းကို လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း လမိုင်းမြို့၊ လမိုင်း – ကော့ဒွတ်သွား ကားလမ်းဘေး တာယာပြင်ဆိုင်မှာ ကားပြင်နေတဲ့ လမိုင်းမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင်ဖြစ်သူ ဒုရဲအုပ်အောင်ကျော်မင်း သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။
သတင်း- သံလွင်တိုင်းမ်