ပုသိမ် – ဇန်နဝါရီ(၉)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပုသိမ်အကျဉ်းထောင် ဆူပူမှုဖြစ်စဉ်အပါအဝင် အကျဉ်းသားတွေကို ထောင်တွင်းနှိပ်စက်သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေကို ပေးပို့သွားမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုဝင်းမင်းထက် အပါအဝင် မတရားဖမ်းဆီး အကျဉ်းချခံနေရတဲ့ ပြည်သူ (၈) ဦး ဟာ သေဒဏ် ချမှတ်စီရင်ဖို့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အတွက် ရိုက်နှက်ခံရပြီး (၇) ဦးတိုက်ပိတ်ခံခဲ့ရကာ ကိုဝင်မင်းထက် ဆိုသူပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ဟာ မြန်မာနိုင်ငံနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ထောင်တွင်း အကြမ်းဖက်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ပုသိမ်ထောင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG အနေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တရားမျှတမှု ဖော်ဆောင်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ပုသိမ်ထောင်ဆူပူမှုဖြစ်စဉ်မှာ စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းတွေရဲ့ လက်ချက်နဲ့ အကျဉ်းသားတစ်ဦး အသက်သေဆုံးခဲ့ပြီး (၇၀) လောက်ဒဏ်ရာရရှိကာ တစ်ဦး ပျောက်ဆုံး နေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပုသိမ်ထောင်ဖြစ်စဉ်အပါအဝင် မြန်မာနိုင်ငံမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ မတရားညှဉ်းပန်းနှိပ်စက်မှုတွေ ဟာနိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို ကျူးလွန်နေတာဖြစ်တဲ့အတွက် နိုင်ငံတကာ တရားစီရင်ရေး ယန္တရားမှာ အရေးယူနိုင်ဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.