ရန်ကုန် – ဇန်နဝါရီ(၉)

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူတာကို ဒီနေ့ ဇန်နဝါရီလ(၉) ရက်ကစပြီး (၃၁) ရက် အထိ တစ်အိမ်တက် တစ်အိမ်ဆင်း စာရင်းကောက်ယူတာကို ရတဲ့နည်းနဲ့ တွန်းလှန်ဖို့ Yangon Drone ကတိုက်တွန်းထားပါတယ်။

အခုလို စာရင်းကောက်ယူတာဟာ စစ်တပ်ရဲ့ ထွက်ပေါက်ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အထောက်အကူပြုဖို့ အတွက်တင်မဟုတ်ဘဲ CDM ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်တွေ ပြည်သူတွေကို ပစ်မှတ်ထား ရှာဖွေဖို့ လုပ်ဆောင် တာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ပြည်သူကို ကောင်းကျိုးပြုခဲ့တာ တစ်ခုမှမရှိတဲ့အပြင် ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ဖို့သာ လုပ်ဆောင်နေတာဖြစ်လို့ မပူပေါင်းကြဖို့ တိုက်တွန်းထားတာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ အသက်ရှုပေါက်တွေကို လူထုအားနဲ့ ပတ်ဆို့ တိုက်ဖျက်နိုင်ဖို့ဟာ ၂၀၂၃ ခုနှစ်ရဲ့ အဓိက ကျတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြည်သူတွေအနေနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေစာရင်းကောက်ယူမှုကို ငြင်းဆန် မပူးပေါင်းဖို့၊ အတင်းအဓမ္မခြိမ်းခြောက်မှုတွေရှိလာရင် ရတဲ့ နည်းလမ်းနဲ့ မှတ်တမ်းတင်ထားဖို့၊ မတရားခြိမ်းခြောက်မှုကြောင့် လူဦးရေစာရင်းပေးရရင်လည်း အချက်အလက်အမှားတွေကိုသာ ပေးဖို့ အပါအဝင် အချက်(၅) ချက် တောင်းဆိုထားပါတယ်။

စစ်တပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာသိမ်းပြီး(၂) နှစ်ပြည့်ပြီး (၆) လအတွင်း ရွေးကောက်ပွဲ မဖြစ်မနေ ပြန်လုပ်ရမှာဖြစ်တယ်လို့ ပြဌာန်းထားတဲ့အတွက် စစ်ကောင်စီအာဏာသိမ်းထားတာ လာမယ့် ဖေဖော်ဝါရီလ(၁) ရက်မှာ (၂) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Yangon Drone

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.