ရေနံချောင်း – ဇန်နဝါရီ(၉)
မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးရဲ့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ(၈) ရက်နေ့က ရေနံချောင်းမြို့နယ် ရှားတော ကျေးရွာမှာ မင်းဘူးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်းနဲ့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းတို့ကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးခဲ့တာပါ။
“ဦးဝင်းဝင်းဆိုရင်လည်း စဖမ်းကတည်းက ထွန်တုံးနဲ့ ရိုက်တာ။ ရိုက်လိုက်ဆဲလိုက်နဲ့ စစ်သားတွေက ယုတ်မာကြတာ။ ဦးထွန်းထွန်းဆိုရင်လည်း PDF တွေကို ဆဲခိုင်းလိုက် နောက်ကနေ ဒင်နဲ့ရိုက်လိုက်လုပ်တာ။ မျက်နှာတွေကိုလည်း ရိုက်ထားတော့ စုတ်ပြတ်နေတာပဲ။ တခြားဒေသခံပြည်သူတွေလည်း နှိပ်စက်ခံထားရတာ အရိုက်ခံရလို့ မေ့နေသူတွေပါရှိတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအပြင် သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံ (၁၀) ဦးဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
“သတင်းရလို့ဆိုတာထက် သေချာပေါက်သဘောမျိုးကို စစ်တပ်က ပြင်ဆင်လာတာဗျ။ မနက်ငါးနာရီလောက်ကတည်းကနေ ရေကြောင်းကနေကော ကုန်းကြောင်းကနေကော ဝင်လာပြီး ရွာကို ပိတ်တဲ့သဘောမျိူးနေရာယူထားကြတာ။ ပြီးတော့သေနတ်တွေဖောက်ပြီးတော့ စဖမ်းတော့တာပါပဲ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ အင်အား (၁၀၀) ဝန်းကျင်လောက်ဟာ ရှားတောနဲ့ ကျွဲတဲ ကျေးရွာတွေကို ပိတ်ဆို့ ရှာဖွေတာတွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး အနီးဝန်းကျင်က တောတွေထဲကိုပါ စစ်ကြောင်းထိုး ရှာဖွေတာတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က ဧရာဝတီမြစ်ရဲ့ ရေနံချောင်းဘက်ခြမ်းမှာ လုံခြုံရေး တိုးမြှင့်ထားပြီး ကင်းပုန်းချတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးထဲက NLD ပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတာဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ စာရင်းတွေအရ NLD ပါတီဝင် (၁၁၆၉) ဦးဖမ်းဆီးခံထားရပြီး (၆၇) ဦးသေဆုံးထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲမှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် (၉၀) ဦးပါ ဝင်တယ်လို့ NLD ပါတီက သံလွင်တိုင်းမ် ကိုပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ