ဝါရှင်တန် – ဇန်နဝါရီ(၈) 

ရုရှားရဲ့ ကျူးကျော်မှုကြောင့် ထိခိုက်နေရတဲ့ ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ (၃.၇၅) ဘီလျံကျော် ပေးအပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က ပြောပါတယ်။ 

ယူကရိန်းအတွက် မြေပြင်တိုက်ခိုက်ရေးယာဉ်တွေ၊ မောင်းသူမဲ့ ဟောင်ဝစ်ဇာတွေ၊ သံချပ်ကာ ယာဉ်တွေ၊ ဝေဟင်ပစ်ဒုံးကျည်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ တခြားပစ္စည်းတွေကို အမေရ်ိကန် ပြည်ထောင်စုက ထောက်ပံ့ပေးမယ်လို့ ဆိုခဲ့တာပါ။ 

ဒါ့အပြင် လေကြောင်းရန်ကာကွယ်ရေးအတွက် အသုံးပြုတဲ့ RIM-7 Sea Sparrow ဒုံးကျည်တွေ ကိုလည်း ယူကရိန်းအတွက်ပေးပို့သွားမှာဖြစ်ပြီး ဒုံးကျည်တွေကို လက်ရှိအသုံးပြုနေတဲ့ ဆိုဗီယက် ခေတ်ကျန် Buk လောင်ချာတွေက ပစ်လွှတ်နိုင်တယ်လို့ သိရပါတယ်။ 

ယူကရိန်းအတွက် အမေရိကန် ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဒုံးကျည်တွေကို ဆိုဗီယက် ခေတ်ကျန် လောင်ချာတွေနဲ့ အသုံးပြုနိုင်ဖို့ ပင်တဂွန်က လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင် ထားပြီးဖြစ်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီး ကူပါက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဆောင်းရာသီမှာ နိုင်ငံရဲ့ စွမ်းအင်အဆောက်အုံကို တိုက်ခိုက်နေတဲ့ ရုရှားဒုံးကျည်ပစ်ခတ်မှုတွေ ကိုတားဆီးနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေလိုအပ်တယ်လို့ ယူကရိန်းသမ္မတက နိုင်ငံတကာကို တောင်းဆိုထားပါတယ်။ 

အမေရိကန်နဲ့ ဂျာမနီတို့က ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ခုခံဖို့ ပတ်ထရိုုက် ဒုံးကျည်စနစ်တွေ ယူကရိန်းကို ပေးပို့ဖို့ ကတိပြုထားကြပါတယ်။ 

“ဒီ PDA ပက်ကေ့ခ်ျနဲ့ Bradley တိုက်ခိုက်ရေးယာဉ်တွေဟာ ပေါင်းစပ်လက်နက် စစ်ဆင်ရေးလို့ ခေါ်တဲ့ စစ်ဆင်ရေးကို လုပ်ဆောင်နိုင်မှုမှာ အလွန်အရေးပါပါတယ်”လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ခါဘီက ပြောခဲ့ပါတယ်။ 

ယူကရိန်းတပ်ဖွဲ့တွေဟာ လာမယ့် ရက်သတ္တပတ်အတွင်း နည်းဗျူဟာပိုင်းအရ လေ့ကျင့်မှုတွေ ပြုလုပ်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ 

သံချပ်ကာ  Bradley မှာ အားကောင်းတဲ့ လက်နက်ရှိပြီး ၁၉၈၀ ခုနှစ်အလယ်ပိုင်းတည်းက စစ်မြေပြင်တွေမှာ တပ်တွေသယ်ဆောင်ဖို့ အမေရိကန်စစ်တပ်က ပုံမှန်အသုံးပြုလာတာ ဖြစ်ပြီး ထောင်ပေါင်းများစွာပိုင်ဆိုင်ထားတဲ့ အမေရိကန်အနေနဲ့ ယူကရိန်းမှာ စစ်မှုထမ်းဖို့ အစီး(၅၀) လောက် ပေးပို့ဖို့ အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။ 

“အရှေ့ပိုင်းဒေသ အထူးသဖြင့် ဒွန်ဘက်စ် ဒေသမှာ တိုက်ပွဲတွေဟာ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ဆိုးရွားခဲ့ပြီး အထူးသဖြင့် ဘက်မက်တ် အနီးတဝိုက်မှာ ရုရှားတွေရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ဖြန့်ကျက်ချင်တဲ့ အရိပ်အယောင်တွေကို တွေ့နေရပါတယ်” လို့ ဂျွန်ခါဘီက ပြောပါတယ်။ 

လက်နက်တွေအပြင် ယူကရိန်းစစ်တပ်ကို ခေတ်မီတဲ့ တပ်ဖြစ်အောင် ကူညီပေးဖို့အတွက် နိုင်ငံရပ်ခြား စစ်ဘက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှုမှာ အမေရိကန်ဒေါ်လာ (၂၂၅) သိန်း ပါဝင်တယ်လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိက ပြောခဲ့ပါတယ်။ 

အစားထိုးပစ္စည်းတွေ ဝယ်ယူဖို့ US ရန်ပုံငွေတွေကို အသုံးပြုနိုင်ပြီး ယူကရိန်းကို လက်နက်တွေ ပိုမိုထောက်ပံ့ပေးဖို့ နေတိုးရဲ့ အရှေ့ဘက်ခြမ်း ဒေသတွင်း မိတ်ဖက်တွေနဲ့ မဟာမိတ်တွေ အတွက် နောက်ထပ် ဒေါ်လာ (၆၈၂) သန်းပါဝင်တယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.