ကွာလာလမ်ပူ – ဇန်နဝါရီ(၇) 

မလေးရှားနိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ တိုက်ခိုက်ရေး သင်္ဘော(LCS) ဝယ်ယူရေး စီမံကိန်းကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး ပထမဆုံး သင်္ဘောတွေကို လာမယ့် ဇူလိုင်လအတွင်း အသုံးပြု နိုင်ဖို့ စီစဉ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ 

အမေရိကန်ဒေါ်လာ (၂) ဘီလျံ ကုန်ကျနိုင်တဲ့ ဒီစီမံကိန်းဟာ နိုင်ငံအတွက် အရေးကြီးတဲ့ အစိတ် အပိုင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုခဲ့ပါတယ်။ 

“ကျွန်ုပ်တို့၏ ဆင်ခြင်သုံးသပ်မှု အပေါ်တွင်သာ အခြေခံပြီး  သင်္ဘောဝယ်ယူရေး လုပ်ငန်း ပြီးမြောက်သည် အထိ ဆောင်ရွက်လိုတာပါ။ ခြောက်စင်းစလုံးမဟုတ်ရင်တောင် MINDEF မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့်ရဲ့သက်တမ်းအတွင်း လေးစင်းဝယ် ယူပြီးမြောက်တာက လည်း လုံလောက်မှာပါ” လို့ မလေးရှား ကာကွယ်ရေးဝန်ကြီး က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် မစ္စတာ မိုဟာမက် ဟာဆန်က ဒီစီမံကိန်း အောင်မြင်ဖို့အတွက် ဆက်လက်ကြိုးပမ်း သွားမှာဖြစ်တယ်လို့ ပြောပါသေးတယ်။ 

ဘူးတက်ရေတပ် သင်္ဘောကျင်းကို တိုက်ရိုက်ညှိနှိုင်းမှုနဲ့ သင်္ဘောခြောက်စင်း တည်ဆောက်မယ့် စီမံကိန်းကို ကာကွယ်ရေး ဝန်ကြီးဌာနက တင်ပြခဲ့ပြီးနောက် အစိုးရက ရင်းဂစ် (၆.၀၈) ဘီလျံ ဒါမှမဟုတ် ကုန်ကျစရိတ်ရဲ့ (၆၆.၆၅) ရာခိုင်နှုန်း ပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ မလေးရှားပါလီမန်ရဲ့ ပြည်သူ့ငွေစာရင်းကော်မတီ (PAC) က ဝယ်ယူရေးစာချုပ်တွေကို စတင်ခဲ့ပြီးနောက် တိုက်ခိုက်ရေး သင်္ဘောတွေကို ဝယ်ယူဖို့ တိုးမြှင့် လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

ဒီစီမံကိန်းကို မလေးရှား ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ကြီးဌာနတွေဆီ တင်ပြပြီး စီမံကိန်းရဲ့ အကြောင်းအရာ အပြည့်အစုံကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဌာနကတော့ ၂၀၂၃ ခုနှစ်အတွက် စစ်အသုံးစရိတ် (၁၇.၄) ဘီလျံ ရရှိဖို့ မျှော်လင့်ထားပြီး လာမယ့် ဖေဖော်ဝါရီလမှာ တိုက်ခိုက်ရေး သင်္ဘောတွေ စတင်ဝယ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ 

ခွဲဝေရရှိမယ့် စစ်အသုံးစရိတ်ထဲက ရင်းဂစ်(၁၁.၄) ဘီလျံကို ထိန်းသိမ်းထားပြီး အဲဒီထဲက (၅.၉) ဘီလျံကို စစ်မှုထမ်းဟောင်းတွေအတွက် အိမ်ရာ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ကာကွယ် ရေး ဝန်ကြီး မိုဟာမက် ဟာဆန်က ပြောခဲ့ပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဌာနက ရေကြောင်းကင်းလှည့်လေယာဉ်(MPA) နဲ့ Medium-Altitude Long Endurance Unmanned Aircraft System (MALG UAS) တို့ ဝယ်ယူရေး စီမံကိန်းတွေကို ဆောင်ရွက်သွားဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.